စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားသည့် တပ်မမှူးနှင့်အဖွဲ့ကို ကသာမြို့နယ်၌ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ တပ်မ ၇၇ ရှေ့တန်းဌာနချုပ်အခြေပြုပြီး တပ်မမှူးကိုယ် တိုင်ကွပ်ကဲသည့် အင်းတော်မြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၏ အစီအစဥ်ဖြင့်၂၀၂၄ သြဂုတ်လကတည်းက ထိုးစစ်ဆင်လျက်ရှိရာ နောက်ဆုံးကျန်ရှိသည့် ဂျပန်လိုဏ်ဂူဗျူဟာကုန်းမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီ ၇ ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားသဖြင့် မြို့အားအပြီးသတ် သိမ်းပိုက်လိုက်နိုင်ခဲ့ကြောင်း NUG က ယမန်နေ့ည၌ ထုတ်ပြန်သည်။
အဆိုပါ တပ်မမှူးနှင့်အဖွဲ့ ကသာမြို့နယ်ဘက်သို့ထွက်ပြေးခြင်းဖြစ်ပြီး ၎င်းတို့အား တော်လှန်ရေးပူးပေါင်းတပ်များမှ ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ယနေ့ နံနက်ပိုင်းတွင် ပြော သည်။
၎င်းက “ဖမ်းမိတာကတော့ သေချာပေမယ့် ဘာဆက်လုပ်မလဲဆိုတာကို အခု တိုင်းတာဝန်ခံတွေ စကားပြောနေကြတုန်း အခြေအနေပါ” ဟု ဆိုသည်။
စစ်ကောင်စီက ငလျင်ကြောင့် အပစ်ရပ်ကြေညာထားသည့်ကာလအတွင်း ထိုဂျပန်လိုဏ်ဂူကုန်းအား ဝိုင်းပတ်ပိတ်ဆို့ထားသော တော်လှန်ရေးပူး ပေါင်းတပ်များကို စစ်တပ်မှ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ထိုးစစ်ဆင်လာသဖြင့် ဧပြီ ၁ ရက်မှ ၃ ရက်ထိ တိုက်ပွဲပြင်းထန်ခဲ့ကာ လေကြောင်းဖြင့်ပါ တောက်လျောက် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတဦးက “အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကိုယ့်ဘက်က အကုန်ဝိုင်း ပိတ်ဆို့ထားတယ်ဆိုပေမယ့် စစ်ရေးမှာ ရန်သူ့ ထွက်ပေါက်ဆိုတာမျိုးက ထားပေးရတယ်။ အဲဒီအပေါက်ကနေ ပြေးတာ။ ဒါပေမယ့် အခုသတင်း ကနဦး ရနေတာကတော့ အင်းတော်မြို့နယ်က ထွက်ပြေးတဲ့ဟာတွေ ကသာနယ်မှာ ပြန်ပြီးတော့ ဖမ်းမိထားတယ်လို့ ကြားနေတယ်” ဟု ပြောသည်။
လတ်တလောတွင် တပ်မမှူးအပါဝင်စစ်သုံ့ပန်းများ ဖမ်းဆီးရမိသည့် သတင်းအား သက်ဆိုင်ရာ PDF တပ်များနှင့် NUG တို့မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို NUG လက်အောက်ရှိ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ဒေသခံ PDF တပ်ဖွဲ့များစွာ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းမီးကျောက် အမြောက်မြား သိမ်းပိုက် ရရှိ ကြောင်း NUG က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။