“ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့တာ။ အင်းတော်တော့ ပါသွားပြီ၊ မင်းတို့ ဝန်းသိုလည်း လုပ်ရင် ဒီလိုခံရမယ်ဆိုတဲ့သဘောမျိုး”
ကလေးများအပါအဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့သည့် ဝန်းသို၊ နမ်းခမ်းရွာ ဗုံးကြဲမှု
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာမှ အရပ်ဘက်ပစ်မှတ်များကို စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၉) ရက်နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ၂၅ ဦး အနည်းဆုံး သေဆုံး၊ ၂၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။
အင်းတော်မြို့နယ်ကို ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့တွင် စစ်တပ်က လက်လွှတ်ခဲ့ရပြီးနောက် ကပ်လျက်ရှိ ဝန်းသိုမြို့နယ်တွင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်၊ “ကြွက်မနိုင် ကျီမီးနှင့်ရှို့သည့် လုပ်ရပ်” ဖြစ်သည်ဟု ဝန်းသိုမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူက ပြောသည်။
သေဆုံးသူများမှာ နမ်းခမ်းရွာ၊ ဘူတာစု၊ အနောက်စက်၊ အရှေ့စက် ကျေးရွာတို့မှ အများစုဖြစ်ကြောင်း သတင်းရထားပြီး အသေးစိတ်အချက်အလက်များကို စုဆောင်းနေဆဲဖြစ်ဟုလည်း ၎င်းကပြောသည်။
“အပိုင်းပိုင်းအပြတ်ပြတ်တွေလည်းရှိပါတယ်။ အဲ့ဒါက သံလမ်းနဲ့အနီးဆုံးဖြစ်တဲ့အတွက် (ရထား) သံလမ်းကြီးက ပြတ်ပြီးတော့ ၁၅ ပေလောက်ရှည်တဲ့ သံလမ်းနှစ်ချောင်းက ကောက်ပြီးတော့ အဲ့ဒီသံလမ်းတွေကနေ ပေ ၁၅၀ လောက်အကွာထိ လွင့်ထွက်သွားပါတယ်”ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သည့် ထို ပအဖ တာဝန်ရှိသူက ဆိုသည်။
ဝန်းသိုနှင့် ၃၅ မိုင်ခန့်ကွာဝေးသည့် စစ်ကိုင်းနှင့်ကချင်နယ်စပ် အင်းတော်မြို့ကို မဟာမိတ်များဖြစ်သည့် ကျောင်းသားတပ်မတော် (ABSDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့နှင့်အတူ ဧပြီလ (၇) ရက်နေ့ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။