စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျခတ်ကျေးရွာကို စစ်ကောင်စီက ယနေ့ (ဧပြီ ၁၂ ရက် )မွန်းလွဲပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုရင် သုံးပါး ပျံလွန်တော်မူကာ အမျိုးသား နှစ်ဦ၊ အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖ ထံမှ သိရသည်။
“ကျောင်း ဝေယျာဝစ္စလုပ်တဲ့သူတွေ၊ အပြင်လူမရှိဘူး။ အမျိုးသမီးကြီးတယောက်ဆို တစစီဖြစ်သွားတယ်” ဟု ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူက ပြောသည်။
ယနေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်တွင် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုရင်သုံးပါး၊ ကပ္ပိယ နှစ်ဦး နှင့် အမျိုးသမီးကြီး တဦး နေရာတွင်သေဆုံးကာ ကိုရင်သုံးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၀ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းအဖွဲ့အစည်းထံမှ သိရသည်။
အလားတူ ဧပြီ ၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၂၈ရက်ကလှုပ်သည့် အင်အားပြင်းငလျင်ကြောင့် ပြည်သူများဘေးသင့်နေချိန် စစ်ကောင်စီသည်လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။
မတ်လ ၂၈ရက်က ငလျင်လှုပ်ခတ်ပြီးချိန်မှ ဧပြီလ ၈ရက် မွန်းလွဲပိုင်းအထိ ဒေသအနှံ့တွင် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၉၂ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ် ခြောက်ဦးနှင့်အမျိုးသမီး ၃၀အပါအဝင် အရပ်သား ၇၂ ဦး သေဆုံးခဲ့ကြောင်း NUG က ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံအညွှန်း – ဧပြီ ၁၂ ရက် ဒီပဲယင်းမြို့နယ်၊ ကျခတ်ကျေးရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုအတွင်း ကိုရင် သုံးပါး ပျံလွန်တော်မူက အမျိုးသမီးကြီးတဦး၊ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ကိုရင် သုံးပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (ဓါတ်ပုံ- ယင်းမာပင်ခရိုင် ပကဖ)