ရှေးဟောင်းဘုရားအုတ်များကို လမ်းခင်းရာ၌ သုံးနေ၍ ပညာရှင်တို့ ဝေဖန်

ရှေးဟောင်းဘုရားအုတ်များကို လမ်းခင်းရာ၌ သုံးနေ၍ ပညာရှင်တို့ ဝေဖန်

မတ်လ ၂၈ ရက်တွင် မန္တလေးမြို့အနီး လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ညောင်ရမ်း၊ အင်းဝ၊ ကုန်းဘောင်၊ အမရပူရလက်ရာ ရှေးဟောင်းဘုရားအုတ်များကို လမ်းခင်းရာ၌ မြေသားလမ်းဖို့ရန် ပုံထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် တက်လာပြီးနောက် ရှေးဟောင်း သုတေသနပညာရှင်များက ဝေဖန်နေကြသည်။

အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသော မန္တလေ၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ မင်းကွန်းစသော ဒေသများသည် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအဆောက် အအုံများနှင့် ဘုရားစေတီအများအပြား ရှိရာဒေသဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို ရှင်းလင်းရာတွင် နည်းစနစ်မှန်မှန်ကန်ကန်ဖြင့် ထိန်းသိမ်းဆောင်ရွက်ခြင်း မရှိသည်ကို ပညာရှင်များက ထောက်ပြဝေဖန်နေကြခြင်းဖြစ်သည်။

ရှေးဟောင်းအဆောက်အဦအပြိုအပျက်များကို ရှင်းလင်းရေးနှင့် ပတ်သက်၍ ရှေးဟောင်းထိန်းသိမ်းရေး ပညာရှင်တဦးက အပျက်အစီးများကို ရှင်းလင်းခြင်းမပြုရေး တားဆီးရန် အထူး အရေးကြီးကြောင်း၊ ရှေးဟောင်းအဆောက်အဦများအနီးတွင် မြေတူးစက်များ သို့မဟုတ် ဘူဒိုဇာ မြေထိုးစက်များ ကဲ့သို့သော အကြီးစားစက်ယန္တရားများကို ခွင့်မပြုရ၊ ထိခိုက်ပျက်စီးသော ရှေးဟောင်းအဆောက်အဦများကို ဖြိုချဖျက်ဆီးခြင်း မပြုရ၊ (တပ် သို့မဟုတ် ရဲ ကဲ့သို့သော) ကယ်ဆယ်ရေး အဖွဲ့များ အပါအဝင် နယ်မြေခံ အာဏာပိုင်များထံ ထိခိုက်ပျက်စီးသော ရှေးဟောင်းအဆောက်အဦများကို ဖြိုချဖျက်ဆီးခြင်း မပြုရေး အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတဆင့် မျှဝေထားသည်။

ထို့ပြင် ထိခိုက်ပျက်စီး၍ ပြိုကျလျက်ရှိသော ရှေးဟောင်းအဆောက်အဦများ ထပ်မံ ဆုံးရှုံးမှု မဖြစ်စေရေးအတွက် စည်းတား၍ ပိတ်ထားနိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးသော ရှေးဟောင်းအဆောက်အဦများကို ဖုံးအုပ်လျက် မိုးရေမဝင်နိုင်စေရန် ကာကွယ်ပေးရမည်၊ ထိခိုက်ပျက်စီးသော အဆောက်အဦများမှ အဖိုးတန်အရာဝတ္ထုများ သို့မဟုတ် ကျိုးပဲ့အစအနများကို ခိုးယူခြင်းများ မဖြစ်စေရန် အစောင့်များ ထားရှိရပါမည်စသည့်အချက်များလည်း ပါဝင်သည်။

အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း သမိုင်းဝင် အမွေအနှစ် အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top