ကနီနယ် ရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်၊ Y-12၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲ၊
ကိုရင်တစ်ပါးနဲ့ ဆွမ်းပို့သူ အပါအဝင် သုံးဦး သေဆုံး၊ ဗုံးဆက်ကြဲနေဆဲမို့ ရှာဖွေကယ်ဆယ်ရေး မလုပ်နိုင်သေး၊
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက ကျေးရွာသုံးရွာကို သင်္ကြန်ကာလဖြစ်တဲ့ ဒီမနက်ပိုင်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ဒရုန်းတွေနဲ့ ထင်တိုင်းကျဲ ဗုံးကြဲ သတ်ဖြတ်လို့ ရှင်သာမဏေ ကိုရင်တစ်ပါးနဲ့ ဒေသခံပြည်သူ နှစ်ဦးတို့ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီလ ၁၄ရက် ဒီမနက်ပိုင်းမှာ ကနီမြို့နယ် သမင်ခြံရွာ ဘုန်းတော်ကြီးကျောင်းနဲ့ မုဌောကျေးရွာနဲ့ နတ်ကြီးကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ဒရုန်းတွေနဲ့ Paramotor – စက်တပ်လေထီးတွေ ပျံဝဲကာ ဒရုန်းနဲ့ ဗုံးကြဲသလို တိုက်လေယာဉ်၊ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
သမင်ခြံရွာ ဘုန်းတော်ကြီးကျောင်း ဗုံးကြဲခံရပြီး ဗုံးထိမှန်လို့ ကိုရင်ငယ် သုံးပါး အပြင်းအထန် ဒဏ်ရာရကာ တစ်ပါးက ပွဲချင်းပြီး ပျံလွန်တော်မူပြီး ကျောင်းကို ဆွမ်းလာပို့တဲ့ အမျိုးသမီးတစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေနေရှိနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ဒါ့အပြင် မုဌောကျေးရွာ ဗုံးကြဲခံရမှုမှာလည်း ဒေသခံ ပြည်သူ နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆိုပါတယ်။
“ဒီနေ့ မနက် ၈ နာရီဝန်းကျင် Y-12 တွေ ဒရုန်းတွေနဲ့ ကြဲသွားတာ၊ အခါတွင်းကြီးတောင် စစ်တပ်က ရက်ရက်စက်စက် လုပ်နေတယ်” လို့ တိုက်နယ် ပကဖအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
Y-12 လေယာဉ်နဲ့ ဗုံးသီး ၂၂လုံး ကြဲချပြီး တိုက်လေယာဉ်နဲ့ တစ်ကြိမ်၊ ဒရုန်းနဲ့ တစ်ကြိမ် ဗုံးကြဲ သလို စက်တပ်လေထီးကတော့ ဗုံးမကြဲသေးဘဲ ပျံဝဲနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုက တိုက်လေယာဉ်တွေ ဆက်လက် ပျံဝဲနေပြီး ထပ်မံ ဗုံးကြဲသတ်ဖြတ်နိုင်ခြေ ရှိတာကြောင့် ကျေးရွာအတွင်း အပျက်အစီးတွေနဲ့ ဒဏ်ရာရသူတွေကို ကူညီကယ်ထုတ်နိုင်တာ မရှိသေးဘဲ ရွာခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေကြောင်းက ဆက်တိုက် ပျံဝဲနေလို့ ထွက်ပြေးနေရတယ်၊ အခြေအနေ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက MFPကို ပြောပါတယ်။
ကနီနယ် နတ်ကြီးရွာ၊ မုဌောရွာနဲ့ သမင်ခြံရွာစတဲ့ ကျေးရွာတွေကို စစ်အုပ်စုက မကြာခဏ လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုမှာ ရှိတဲ့ တိုက်လေယာသ်၊ ထောက်ပို့လေယာဉ်၊ စက်တပ်လေထီး၊ ဒရုန်း စတာတွေနဲ့ ဗုံးကြဲသတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။
နိုင်ငံတဝန်း လေကြောင်းဗုံးကြဲသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုနဲ့ ဧပြီလ ၁၂ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းနယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဗုံးကြဲလို့ ကိုရင်တွေ အပါအဝင် သေဆုံးသူတွေ/Photo – CJ