စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန် မြေသားထု ပြတ်တောက် နေရာရွေ့သွားပုံကို နာဆာ ရှင်းပြ

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန် မြေသားထု ပြတ်တောက် နေရာရွေ့သွားပုံကို နာဆာ ရှင်းပြ

စစ်ကိုင်းငလျင်ကြီးနဲ့ ဆက်စပ်ပြီး မြေသား လှုပ်ရှားရွေ့လျားမှုတွေ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ ရှင်းပြထားတဲ့ ပုံရိပ်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း ဒေသကြီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးနဲ့ ၁၂ မိနစ် အကြာမှာ ထပ်လှုပ်ခဲ့တဲ့ နောက်ဆက်တွဲ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တွေဟာ မတူညီတဲ့ အစိတ်အပိုင်းတွေရဲ့ မြေသားထုတွေကို တောင်မြောက် ယိမ်းထိုး လှုပ်ခတ်စေခဲ့ကြောင်း နာဆာက ဂြိုဟ်တု ဓာတ်ပုံတွေနဲ့ တောင်ပိုင်း ကယ်လီဖိုးနီးယား အခြေစိုက် Jet Propulsion သုတေသန ဌာနရဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး ရှင်းပြထားခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်း ပြတ်ရွေ့ကြောကြီးကို အခြေတည်ပြီး မြေတိမ်ပိုင်း မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီးအတွင်း မြေထုတွေ ဘယ်လို အက်ကွဲ ရွေ့လျားကုန်သလဲ ဆိုတာကို ဂြိုဟ်တု ဓာတ်ပုံပေါ်မှာ အနီနဲ့ အပြာစက်တွေ အရောင်ခြယ်ပြီး မြင်သာအောင် ဖော်ပြထားတာပါ။

အနီစက်တွေဟာ မြေလွှာ မြောက်ဖက်ကို ရွေ့လျားတဲ့ အဓိပ္ပါယ်ဖြစ်ပြီး အပြာစက်တွေကတော့ တောင်ပိုင်းကို ဦးတည်ပြီး ရွေ့သွားတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။ နာဆာရဲ့ ဖော်ပြချက်အရ စစ်ကိုင်းနဲ့ နေပြည်တော် မြို့တွေ အပါအဝင် စစ်ကိုင်းပြတ်ရွေ့ကြော အနောက်ဖက် ဒေသတွေဟာ ငလျင်လှုပ်ခတ်ချိန်မှာ မြောက်ဖက်ကို ဦးတည် ရွေ့သွားပြီး မန္တလေးနဲ့ ပြတ်ရွေ့ကြော အရှေ့ဖက် ဒေသတွေကတော့ တောင်ဖက်ကို ဦးတည် ရွေ့သွားခဲ့တယ်လို့ သိရပါတယ်။

တစ်နည်းအားဖြင့် ပြတ်ရွေ့ကြောင်းရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက်ကို အထက်အောက် ဆွဲဖြဲသလို ဖြစ်ခဲ့ပြီး ပျမ်းမျှအားဖြင့် ပြတ်ရွေ့ကြော တလျှောက်မှာ ၃ မီတာဝန်းကျင်(၁၀ ​ပေ)လောက် နေရာရွေ့သွားပြီး တချို့ နေရာတွေမှာတော့ အနည်းဆုံး၆ မီတာ(​ပေ ၂၀) လောက်ထိ ရွဲ့စောင်းမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်က လွှတ်ထုတ်လိုက်တဲ့ အဖျက်စွမ်းအားကြောင့် အဲဒီလို မြေသားထုတွေ ပြတ်တောက် ရွေ့လျားကုန်တဲ့ စုစုပေါင်း အရှည်ဟာ ကီလိုမီတာ ၅၅၀ လောက် ရှည်လျားတယ်လို့လည်း နာဆာက ခန့်မှန်းထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top