လာမည့် ၂၁ ရက်နေ့တွင် ငလျင်ကြီးလှုပ်ခတ်မည်ဟု အခြေအမြစ်မရှိသည့် ကောလာဟလ ထွက်ပေါ်နေပြီး သတင်းအမှားဖြန့်ဝေသူကို သဘာဝဘေးစီခံခန့်ခွဲမှုဥပဒေဖြင့်အရေးယူခံရနိုင်
လာမည့် ဧပြီ ၂၁ ရက်နေ့တွင်ငလျင်ကြီးလှုပ်ခတ်မည်ဆိုသည့် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး သတင်းအမှား ဖြန့်သူများသည် သဘာဝဘေးစီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ဖြင့်အရေးယူခံရနိုင်ကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်း Facebook နှင့် Tiktok လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ ၂၁ ရက်နေ့၌ ငလျင်ကြီးလှုပ်ခတ်မည်ဟုသတင်းများထွက်ပေါ်နေပြီး ပြည်သူလူထုစိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇ တွင် မည်သူမဆို အများပြည်သူအထိတ် တလန့်ဖြစ် စေရန်ရည် ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ် မမှန်သတင်း လွှင့်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူကို တစ်နှစ်ထက်ပိုသော ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ် လုံးချမှတ် ခံရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
“အဲ့ဒါ Facebook မှာတွေ့တယ်။ ၂၁ ရက်နေ့ငလျင်လှုပ်မယ်ဆိုပြီးတော့ ရေးနေကြတာတွေ့တယ်။ post တွေအများကြီးတွေ့တယ်။ နေ့တိုင်းငလျင်လှုပ်နေတော့ ငလျင်လှုပ်မယ်ပြောတော့ စိုးရိမ်နေ ကြတယ်။ ငလျင်က ရက်အတိအကျသိရပြီး မလှုပ်ဘူးဆိုတာသိပေမယ့် စိုးရိမ်မိတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ၇ ဒသမ၇ ပြင်းအားရှိငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်များဆက်တိုက် လှုပ်ခတ်မှုကြောင့် စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုများဖြစ်ပေါ်နေပြီး ပုံမှန်စိတ်အခြေအနေမရှိသေးဘဲ ငြိမ်သက်နေရာမှအသံတစ်ခုခုကြားလျှင် ငလျင်လှုပ်သံဟု ထင်မှတ်မိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“၂၁ ရက်နေ့ ငလျင်လှုပ်မယ်ဆိုပြီးတော့ Facebook မှာရေးနေတာတွေ့တယ်။ ငလျင်ဆိုတာ ဘယ်နေ့ လှုပ်မယ်လို့ ကြိုသိရတာမဟုတ်ဘူးလေ။ Facebook က အဆိုးဆုံးပဲ လျှောက်ရေးနေကြတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယနေ့ကာလအထိ ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်လှုပ်ရှားမည်ကို ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျကြိုတင်မခန့်မှန်းနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဧပြီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ဧပြီ ၁၈ ရက်နေ့အတွင်း အင်အားအလွန်ပြင်းထန်သောငလျင်ကြီး ၇ ဒသမ ၇ ရစ်ခ်တာစကေးနှင့် ၇ ဒသမ ၅ ရစ်ခ်တာစကေးအဆင့် နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်မှုအပါအဝင် ငလျင်လှုပ်ခတ်မှုပေါင်း ၁၄၃ ကြိမ်ရှိပြီဖြစ်ကြောင်း ယင်းဌာနထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်