သံဃာတော်များကို စစ်ဗိုလ်ကတော်များက သင်္ကြန် ရေလောင်း
၂၀၂၅ သင်္ကြန်မှာ စစ်ခေါင်းဆောင်က ရဟန်းသံဃာတွေကို တရားဝင် ရေလောင်းခွင့် ပြုလိုက်တာကြောင့် ဗိုလ်ကတော်တွေက ဘုန်းကြီးတွေကို ရေလောင်းခဲ့ကြတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ခေါင်းဆောင်ကိုယ်တိုင်က ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးတွေ၊ ဗိုလ်ကြီးတွေကို ဧပြီ ၁၀ ရက်မှာ ရဟန်းသံဃာတွေကို ရေလောင်းဖို့ ညွှန်ကြားခဲ့ပြီးနောက် ဗိုလ်ကတော်တွေက ဦးဆောင်ကာ ရေလောင်းခဲ့တာလို့ ဆိုပါတယ်။
“ကမ်းရိုးတန်းက ဗိုလ်ကြီးမိန်းမတယောက်က ဦးဆောင်ပြီး လောင်းရတာ၊ တပ်က ညွှန်ကြားထားလို့ လုပ်တယ်ဆိုတဲ့ပုံစံ၊ လပခတိုင်းက ရေလောင်းတာကလည်း ပျူရွာတွေက လောင်းတာ၊ တချို့ဆို ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးတွေနဲ့ မိန်းမတွေ အပြန်အလှန် လောင်းကြတာ။”
ရဟန်းသံဃာတွေကို ရေလောင်းတဲ့ ဗီဒီယိုတွေကိုလည်း ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးကတော်တွေက သူတို့အသုံးပြုနေတဲ့ Tik Tok account တွေကနေ တင်ခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဥ်ကျေးမှု ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က “သာသနာရေး ဝန်ကြီးဌာနက ဘုန်းကြီးတွေ ရေလောင်းတဲ့ကိစ္စ ခွင့်ပြုမထားပါဘူး။ တပ်က ယတြာချေတဲ့ ပုံစံမျိုးနဲ့ လုပ်ရင်တော့ မသိဘူး” လို့ ပြောပါတယ်။
ရဟန်းသံဃာတွေကို ရေလောင်းတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ပြီး ငြင်းခုံမှုတွေ ဖြစ်နေပေမဲ့ စစ်ကောင်စီဘက်က ထွက်ပြီးဖြေရှင်းတာမျိုး မရှိပါဘူး။