ငလျင်ဘေးသင့် မန်းပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ နေထိုင်နေကြရ
အများစု အိမ်ပြန်နေဖို့ အဆင်မပြေသေးဘဲ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအကူအညီ လိုအပ်နေ၊
နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်နေလို့ ငလျင်ဒဏ်သင့် အဆောက်အဦအချို့ ထပ်မံပြိုကျနေဆဲဖြစ်
မန္တလေးမြို့က ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ငလျင်လှုပ်ခတ်မှုပြီးနောက် တစ်လနီးပါးကြာချိန်ထိ ယာယီ ကယ်ဆယ်ရေးစခန်းတွေနဲ့ တခြားဘေးလွတ်ရာ နေရာတွေမှာ အခက်အခဲမျိုးစုံနဲ့ နေထိုင်နေကြရဆဲဖြစ်ပြီး အများ စုက အိမ်ပြန်နေထိုင်ဖို့ အဆင်မပြေကြသေးဘူးလို့ မြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေအိမ်နဲ့အဆောက်အဦတွေ ထိခိုက် ပျက်စီးခဲ့တဲ့ မန္တလေးမြို့ခံအများစုဟာ ယာယီကယ်ဆယ်ရေစခန်းတွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ပြောင်းရွှေ့နေ ထိုင်နေရဆဲကာ ငွေကြေးတတ်နိုင်သူတွေကတော့ ပြင်ဦးလွင်မြို့နဲ့အခြားဒေသတွေ အမျိုးအဆွေနေအိမ်တွေမှာ ပြောင်းရွှေ့ နေထိုင်နေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာငွေကြေးအခက်အခဲတွေကြောင့်ယာယီကယ်ဆယ်ရေးစခန်းနဲ့တခြားဘေးလွတ်ရာနေရာတွေမှာပြောင်း ရွှေ့နေထိုင်ကြရတဲ့ မြို့ခံပြည်သူတွေဟာ နေထိုင်စားသောက်ရေးအခက်အခဲကြုံတွေ့နေရပြီး နောက်ဆက်တွဲ င လျင်တွေ ဆက်လက်လှုပ်နေတာကြောင့်လည်း နေအိမ်ပြန်ဖို့ရာ အခက်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“ ကိုယ့်အိမ်ကို ပြန်နေချင်တာပေါ့။ အခုဟာကလည်း နောက်ဆက်တွဲငလျင်တွေက ဆက်တိုက်လှုပ်နေတာလေ။ အိမ်ပြန်နေလို့ ငလျင်လှုပ်ချိန်မှာ အိမ်ပြိုကျသွားရင် သေချင်တဲ့ကျား တောပြောင်း ဆိုသလို ဖြစ်သွားမှာလည်း စိုးရ တယ်။ အိမ်မပြန်သေးခင်အချိန်လေးမှာ စိတ်ချလုံခြုံရတဲ့ နေရာလေးမှာပဲ ဆက်နေချင်သေးတာပေါ့။ အခုလို ဆက် ပြီးနေထိုင်နေရတာကလည်း အလှူရှင်တွေရဲ့ အလှူပစ္စည်းတွေကို မျှော်ကိုးပြီးတော့ နေထိုင်နေတာလည်း မဟုတ် ပါဘူး။ အရင်လို ကိုယ့်အိမ်ကိုယ်ပြန်ပြီးတော့ ကိုယ့်အလုပ်လေးကိုယ် ပြန်လုပ်နေချင်ပြီ။ အများစုကလည်း ကိုယ့် အိမ်ကို ပြန်ချင်နေကြပါပြီ။ ပြန်လို့မဖြစ်သေးလိုသာပေါ့”လို့ ငလျင်ဘေးသင့် မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြော ပါတယ်။
မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နေအိမ်ထိခိုက်ပျက်စီးသွားသူတွေနဲ့ နေအိမ်မပျက်စီးပေမဲ့အိမ်အနီးရှိ အထပ်မြင့်တိုက်တွေ တိမ်းစောင်းနေတာကြောင့် ကိုယ့်အိမ်ကို ပြန်နေထိုင်ဖို့ရာ အဆင်မပြေသေးဘဲ ယာယီကယ် ဆယ်ရေးစခန်းတွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ဆက်လက်နေထိုင်နေကြရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ငလျင်ဘေးသင့်ပြည်သူတွေအတွက် စစ်အုပ်စုကဖွင့်လှစ်ပေးထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေ မ ကြာခဏနေရာရွှေ့ပြောင်းတာ၊ အလှူရှင်တွေ ကယ်ဆယ်ရေးစခန်းကို လာရောက်လှူဒါန်းစဉ်တဲ့အလှူပစ္စည်းတွေ အိမ်ထောင်စုတိုင်းမရရှိတာ၊ ကယ်ဆယ်ရေးစခန်းကနေ ထွက်ခွာသွားပါက ပြန်ဝင်လာလို့မရတော့တာစတဲ့ အ ခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ ကူညီထောက်ပံ့ရေးလုပ်ဆောင်ပေးနေတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“ကယ်ဆယ်ရေးစခန်းအချို့တွေမှာ ဘယ်လိုတွေဖြစ်နေလဲဆိုတော့ ငလျင်ဘေးသင့်တဲ့သူတွေကို နေရာမကြာခဏ ရွှေ့ခံရတာတွေရှိတယ်။ အခုဆို တချို့ကယ်ဆယ်ရေးစခန်းတွေ နေရာထပ်ပြောင်းတာတွေရှိတယ်။ အဲဒီလိုနေရာ ပြောင်းတာတွေများတော့ တချို့ပြည်သူတွေက စိတ်ညစ်ပြီးတော့ ပြောင်းတဲ့နေရာမလိုက်ကြတော့ဘူး။ သေချင် သေ ပေတော့ဆိုပြီး ပြိုနေတဲ့ကိုယ့်အိမ်ကို ပြန်သွားကြသူတွေလည်းရှိတယ်။ နောက်ပြီး အလှူရှင်တွေက အလှူ ပစ္စည်းတွေ လာလှူတဲ့အခါမှာလည်း ကယ်ဆယ်ရေးစခန်းမှာရှိနေတဲ့ အိမ်ထောင်စုတိုင်း မရကြတာတွေရှိတယ်။ နောက်ပြီးတော့ တစ်ခုကြားရတာက ဧည့်စာရင်းတိုင်ပြီးတော့ နေထိုင်ကြတဲ့သူတွေကိုလည်း ငလျင်ဘေးသင့် နေ ပေမဲ့ ရပ်ကွက်အမည်ပေါက် အိမ်ထောင်စုစာရင်းမရှိလို့ Camp တွေက လက်မခံတာတွေလည်း ရှိတယ်တဲ့။ ငလျင် ဘေးသင့်လို့ ကယ်ဆယ်ရေးစခန်းမှာလာနေတာ ပိုပြီးတော့ သူတို့တွေ စိတ်ညစ်နေရတာတွေရှိတာပေါ့။ ဒါကြောင့် တချို့ အတော်များများလည်း အဲဒီ camp တွေကနေ သူတို့အိမ်တွေ ပြန်သွားကြတာများတယ်”လို့ မန္တလေးမြို့ ပေါ်မှာ ကူညီထောက်ပံ့ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိ ငလျင်ဘေးသင့်နေတဲ့ မန္တလေးမြို့ခံပြည်သူအများစုဟာ ယာယီကယ်ဆယ်ရေးစခန်းတွေ၊ လမ်းဘေးဝဲ ယာ နဲ့ အခြားဘေးလွတ်ရာနေရာတွေမှာ ဆက်လက်နေထိုင်နေကြရပြီး မိုးရွာသွန်းတဲ့အချိန်မှာ နေရာထိုင်ခင်းတွေအ တွက် ပိုမိုအခက်အခဲဖြစ်နေကြရတယ်လို့လည်း ဆိုပါတယ်။
“ကယ်ဆယ်ရေးစခန်းတွေမှာက ဆေးဝါးနဲ့ အစားအသောက်တွေက လုံလောက်ပါတယ်။ နိုင်ငံတကာက ဆေးဝါး ကုသရေးအဖွဲ့တွေလည်း လာတာတွေရှိတယ်။ ဒါပေမဲ့ မိုးရွာလာတဲ့အခါတွေမှာတော့ အမိုးအကာရှိပေမဲ့ အောက် က ကြမ်းခင်းနဲ့ ခုတင်လိုဟာတွေ မရှိရင် မြေကြီးပေါ်မှာနေရတာတွေက သူတို့အတွက် အတော်လေးအခက်အခဲ ဖြစ်ကြတယ်။ နောက်တစ်ခုက တချို့ Camp တွေမှာဆိုရင် အိမ်သာတစ်ခါတက်ရင် ၁၀၀ ပေးနေရတာတွေလည်း ရှိသေးတယ်” လို့ ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရေး လုပ်ဆောင်သူက ဆိုပါတယ်။
မန္တလေးမြို့ပေါ်က ငလျင်ဘေးသင့် ပြည်သူတွေဟာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရဆဲဖြစ်သလို နေအိမ် ပြိုကျ ပျက်စီးသွားခဲ့တဲ့ သူတွေလည်း နေအိမ်တွေကို ဖြိုဖျက်နေပေမဲ့ အသစ်ပြန်ဆောက်ဖို့ ငွေကြေးမရှိသေးတာ၊ နေအိမ် မပြိုကျခဲ့ပေမဲ့ ထိခိုက်ပျက်စီးသွားတဲ့ သူတွေလည်း ပြန်ပြုပြင်ဖို့ရာ ငွေကြေးလုံလုံလောက်လောက်မရှိတာ၊ တစ်ပိုင်းတစ်စ ပျက်စီးနေတဲ့ နေအိမ်အဆောက်အဦထဲမှာ နောက်ဆက်တွဲ ငလျင်တွေကြား ဆက်လက်နေထိုင်နေ ကြရတာ၊ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ ဘေးလွတ်ရာတွေမှာ ဆက်လက်နေထိုင်နေကြရတာ စတဲ့ အခက်အခဲ မျိုးစုံ ကြုံတွေ့နေကြရသလို ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့ မြို့ခံ တွေ က ဆိုပါတယ်။
“အိမ်ကို မပြင်ရသေးပါဘူး။ ပြင်ဖို့ ငွေလည်းမရှိသေးပါဘူး။ တတ်လည်းမတတ်နိုင်သေးပါဘူး။ အခုက မိုးရွာစို၊ နေပူ ခြောက်နဲ့ နေရတာပါ။ နောက်ဆက်တွဲ ငလျင်တွေကထပ်လှုပ်နေတာနဲ့ အိမ်မပြင်ရသေးခင်မှာပဲ အိမ်က ပြိုကျ သွားတော့မှာ”လို့ မန္တလေး မဟာအောင်မြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်း မန္တလေးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄ အဆင့်နဲ့ ၅ အဆင့် နီးပါးရှိ ငလျင်တွေ ထပ်မံလှုပ်ခတ်နေတာကြောင့် ငလျင်ဒဏ်သင့်အဆောက်အဦတွေ ထပ်မံပြိုကျခဲ့သလို မိုးရွာသွန်းမှုကြောင့်လည်း အဆောက်အဦအချို့ ထပ်မံပြိုကျခဲ့တာကြောင့် ငလျင်ဘေးသင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ မြို့ ခံတွေက ပြောပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးမြို့ပေါ် ရှိ နေအိမ်နဲ့အဆောက်အဦတွေ၊ သာသနိကအဆောက်အဦတွေနဲ့ ရှေးဟောင်းအဆောက်အဦတွေ အများအပြားပြို ကျပျက်စီးခဲ့ရသလို သေဆုံးသူ ၂၀၀၀ ကျော်ရှိနေပြီး အဆောက်အဦတွေအောက် ပိတ်မိသေဆုံးတွေလည်း အများ အပြား ကျန်ရှိနေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ မြို့ခံတွေက ဆိုပါတယ်။
ငလျင်ဘေးသင့် မန်းပြည်သူတွေ ယာယီအမိုးအကာတွေနဲ့ နေထိုင်နေရစဉ်နဲ့ မိုးရွာသွန်းချိန်ငလျင်ဘေးသင့် ပြည် သူ တွေရဲ့ နေရာထိုင်ခင်းမြင်ကွင်း (ဓာတ်ပုံ – CJ)