လူ့နို့ရည်ကို အရွယ်ရောက်ပြီးသူတွေ သောက်သုံးသင့်လား

လူ့နို့ရည်ကို အရွယ်ရောက်ပြီးသူတွေ သောက်သုံးသင့်လား

ဒီအရည်ကို ”အာဟာရရွှေရည်” လို့ နေ့စဥ်ဘဝမှာ ရည်ညွှန်း ခေါ်ဝေါ် ကြပါတယ်။ ပညာရှင်အချို့က ဆိုရင် ဒီအရည်ဟာ ”မှော်စွမ်းအင်” ရဲ့ အရင်းအမြစ်လို့တောင် တင်စားပြောကြပါတယ်။ အဲဒါကတော့ မိခင်နို့ရည်ပါ။

မိခင်နို့ရည်ဟာ ကလေးတွေရော၊ သူတို့ရဲ့ကြီးထွားမှုအတွက်ပါ အရေးပါပြီး အဟာရဓာတ်တွေနဲ့ ရောဂါနဲ့ ဘတ်တီးရီးယားတွေကို ကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေပါဝင်နေတယ်လို့ သိပ္ပံပညာရှင်တွေက သဘောတူ လက်ခံထားပါတယ်။

ဒါပေမဲ့လည်း အဟာရဓာတ်တွေပြည့်ဝနေတယ်ဆိုတဲ့ မိခင်နို့ရည်အစွမ်းထက်မှုကို အသုံးချနိုင်ဖို့ အရွယ်ရောက်ပြီးသူအချို့ကလည်း နို့ရည်ကို စုဆောင်းတာတွေရှိလာပါတယ်။

ကလေး ၃ ဦးဖခင်၊ အသက် ၃၉ နှစ်အရွယ် ဂျိမ်းဆင် ရီတနောဟာ သူနဲ့အတူနေဖော် ဇနီးက ကလေးနို့တိုက်နေတဲ့ကာလမှာ နို့ရည်ကို ပထမဆုံး သောက်ဖူးခဲ့သူပါ။ အတူနေဖော်က ညှစ်ထုတ်လိုက်တဲ့ သက်နေတဲ့နို့ရည်ကို သူ မြည်းစမ်းခဲ့တာပါ။

”(အားကစားအတွက်သောက်တဲ့)ဖျော်ရည်တွေထဲကို ကျွန်တော် ရောပြီး ထည့်သောက်ခဲ့တယ်။ ကျွန်တော့် အတူနေဖော်ကတော့ အဆန်းလို့ ထင်ခဲ့တာမျိုးတော့ ရှိတယ်” လို့ သူက ဘီဘီစီကို ပြောပါတယ်။

ကာယဗလမောင်တစ်ဦးက မိခင်နို့ရည်ကို သောက်သုံးခြင်းရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း ရှင်းပြတဲ့ ယူကျူ့ဗီဒီယိုကို ကြည့်ပြီး နောက်ပိုင်းမှာ မိခင်နို့ရည်ကို သောက်ရင် ဘာတွေ ကောင်းမလဲဆိုတာကို ဂျိမ်းဆင်တစ်ယောက် သိလိုစိတ်ပြင်းလာခဲ့ပါတယ်။

“အဲဒီလူက ထွားလိုက်တာဗျာ”လို့ ဂျိမ်းဆင်က ပြောပါတယ်။

သူ့ အမျိုးသမီးရဲ့ နိုရည်ကို သောက်သုံးတာဟာ ဂျိမ်းဆင်အတွက် ပုံမှန်ဆိုသလို ဖြစ်လာပါတယ်။ ၈ အောင်စရှိတဲ့ နိုရည်အိတ် ၂ အိတ်အထိ သူ နေ့စဥ် သောက်သုံးပါတယ်။

“ကျွန်တော့် အထင်ပြောရရင် အဲဒါသောက်ပြီးတဲ့နောက်မှာ ကျွန်တော့် ပုံပန်းက ဘဝမှာ အကောင်းဆုံးဖြစ်တဲ့သွင်ပြင်အထိ ရောက်ခဲ့တယ်လို့တောင် ထင်မိပါတယ်” လို့ သူက ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော့်အတွက်တော့ နို့ရည်က ကြွက်သားတည်ဆောက်မှုအတွက် အထောက်အကူဖြစ်တာ အသေအချာပါပဲ။ ခန္ဓာကိုယ်အလေးချိန် လည်းကျခဲ့တယ်။ သီးတင်း ၈ ပတ်ထဲမှာကို ကြွက်သားထုက ၅ ရာခိုင်နှုန်းလောက်ကို တက်လာစေတယ်”

လူနို့ရည်ဟာ သူရဲ့ စားသောက်မှုပုံစံထဲက အစားအစာတစ်ခုအနေနဲ့ကိုဖြစ်လာပြီး ဖျားတာ နာတာမျိုး၊ အအေးမိတာမျိုးတွေတောင် ဖြစ်တာကြဲသွားတယ်” လို့ ဂျိမ်းဆမ်က ပြောပါတယ်။

“ကလေးတွေ ကြီးထွားဖွံ့ဖြိုးလာသလို အိပ်လည်းအိပ်ပျော်ချင်ခဲ့တာ၊ ဒါကြောင့် ကလေးတွေ လိုပဲစားတယ်” လို့သူကပြောသလို “ကြည့်လို့လဲ ကောင်းလာသလို နေရထိုင်ရတာလည်း ကောင်းလာခဲ့တယ်”

အရွယ်ရောက်ပြီးသားသူတွေ နို့ရည်သောက်သုံးတာဟာ ခန္ဓာအကိုယ်အတွက် အကျိုးဖြစ်ထွန်းစေတယ်ဆိုတာမျိုး ပြသတဲ့ သိပ္ပံနည်းကျအထောက်အထားမရှိသေးဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူအချို့ကတော့ အတွေ့အကြုံတွေအပေါ် အခြေခံချက်အရ နို့ရည်ဟာ အကျိုးဖြစ်နိုင်ခြေရှိတဲ့အကြောင်း ပြောကြပါတယ်။

”အသားဓာတ်(ပရိုတင်းဓာတ်) အများကြီးပါတယ်လေ။ ကလေးတွေဆိုရင် ကြွက်သားတွေ မြန်မြန်ကြီးလာတယ်။ ကာယဗလမောင်တွေ လိုချင်တဲ့ရလဒ်မျိုးပေါ့” လို့ ဒေါက်တာ လားစ်ဘော့ကပြောပါတယ်။

သူက အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီရေဂိုမြို့က ကယ်လီဖိုးနီးယားတက္ကသိုလ်မှာရှိတဲ့ လူနို့ရည်လေ့လာမှုဆိုင်ရာအင်စတီကျုကို တည်ထောင်တဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။

“ကာယဗလသမားတွေက သူတို့ရဲ့ခန္ဓာကိုယ်တွေကို အလွန်နားလည်ကြသူတွေပါ။ အဲဒါကြောင့် နို့ရည်သောက်တာ တစ်နည်းတစ်ဖုံနဲ့ အကျိုးရှိနိုင်တယ်ဆိုတာမျိုးပေါ့။ နို့ရည်သောက်လို့ အကျိုးဖြစ်ထွန်းတယ်ဆိုတဲ့ သိပ္ပံနည်းကျ လေ့လာချက်တော့ မရှိသေးဘူးပေါ့လေ”

ဒါပေမဲ့ လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့ဘုတ်ခ်၊ အင်တာနက်ကွန်ရက်တွေဖြစ်တဲ့ ခရေ့လစ်နဲ့ ရက်ဒစ် တို့လို နေရာတွေပေါ်ကနေ လူ့နို့ရည်ကို ဝယ်ယူတာမျိုးကိုတော့ သတိထားသင့်တဲ့အကြောင်း ဒေါက်တာ ဘော့က ပြောပါတယ်။

”အဲဒီလို နို့ရည်တွေက စစ်ဆေးထားတာလည်း မဟုတ်ဘူး။ ဒီတော့ ကျန်းမာရေးဆိုင်ရာ အန္တရာယ် သိသိသာသာရှိတယ်” လို့ ဒေါက်တာ ဘော့က သတိပေးပါတယ်။ ”အိတ်အိုင်ဗီ ဒါမှမဟုတ် အသည်းရောင်အသားဝါလို ရောဂါပိုးတွေ ပါနေတာမျိုးတွေလည်း ဖြစ်နိုင်တယ်”

လူ့နို့ရည်ဟာ ထုတ်လိုက်တဲ့လူရဲ့ ကျန်းမာရေး ကောင်းမွန်သလိုပဲ ကောင်းတဲ့နို့ရည်ဖြစ်နိုင်သလို ကူးစက်မှုအချို့အတွက်လည်း ပိုးသယ်ဆောင်မှုဖြစ်စေနိုင်ပါတယ်။

အမျိုးသမီးတွေဟာ နို့ရည်ကို ပိုးမသတ်ထားတဲ့နေရာနဲ့ အခြေအနေမျိုးတွေမှာ ညစ်ထုတ်တာမျိုးလည်း ရှိနိုင်တာကြောင့် အဲဒီလိုအခြေအနေမှာ ညစ်ထားတဲ့နို့ရည်ဟာ ရောဂါပိုးမွှားကင်းတယ်လို့ မဆိုနိုင်ပါဘူး။

အမေရိကန်နိုင်ငံတလွှားကလေးများဆေးရုံက ၂၀၂၅ ခုနှစ်မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် အွန်လိုင်းကနေ ဝယ်ယူခဲ့တဲ့ နို့ရည် နမူနာ ၁၀၁ ခုမှာ ၇၅ ရာခိုင်နှုန်းဟာ ဗိုင်းရပ်နဲ့ ဘက်တီးရီးယားတို့လို ရောဂါဖြစ်ပွားစေတဲ့အရာတွေကို ပါဝင်ပြီး အခြား ၁၀ ရာခိုင်နှုန်းကတော့ နွားနို့ ဒါမှမဟုတ် ကလေးနို့မှုန့်လို အရာတွေနဲ့ ရောနှောထားတာကို တွေ့ရှိခဲ့ပါတယ်။

သူ့ရဲ့အမျိုးသမီးနဲ့ အတူမနေဘဲ လမ်းခွဲလိုက်တဲ့အခါမှာတော့ ဂျိမ်းဆင်အတွက် အိမ်က ရေခဲသတ္တာ ခဲခန်းထဲမှာ ထည့်ထားတဲ့နို့ရည်လည်း မရှိတော့ပါဘူး။ ဒါကြောင့် သူဟာ အွန်လိုင်းကနေ နို့ရည်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“သူဝယ်တဲ့ နို့ရည်ဟာ ရောဂါပိုးသင့်နေတဲ့ နို့ရည်တွေ ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်ရှိတယ်” ဆိုတာကို သူ သတိမထားမိခဲ့ဘူးလို့ ဂျိမ်းဆင်က ပြောပါတယ်။

“အွန်လိုင်းပေါ်က ကြုံရာလူတွေကို ပိုက်ဆံပေးပြီးဝယ်တာ။ ဒါပေမယ့်လည်း သူတို့ရဲ့ဖေ့ဘုတ်တွေကိုတော့ နည်းနည်းလေ့လာ ဆန်းစစ်ခဲ့ပါသေးတယ်။ သာမန်လူလို့ပဲ ထင်ရတာပေါ့” လို့ ဂျိမ်းဆင်က ပြောပါတယ်။ “ဒါကြောင့်လည်း ရတုန်းရခိုက်ဆိုပြီး ဝယ်လိုက်မယ် ဆိုတာမျိုးပေါ့”

ဒါပေမဲ့ လူ့နို့ရည် သောက်သုံးမှုနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျအချက်အလက်တွေ မရှိသေးတာကို သူ့အနေနဲ့ စိတ်ပူပုံ မပေါ် ပါဘူး။ ဘာကြောင့်လဲဆိုရင် သူ့ကိုယ်တွေ့အရ ကောင်းမွန်တာမျိုးပဲ ရှိထားတာကြောင့်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ နည်းနည်း မကောင်းတာကတော့ လူ့နို့ရည်သောက်သုံးတာနဲ့ ပတ်သက်ပြီး သူကြုံရတဲ့ လူတွေမြင်တဲ့အမြင်လို့ သူက ပြောပြပါတယ်။

“လူတွေက ကျွန်တော့်ကို မြင်တဲ့အမြင် စောင်းသွားတယ်။ မိခင်နို့ရည်ဆိုတာ ကလေးတွေအတွက်ဖြစ်တယ်ဆိုတဲ့အမြင်ပေါ့။ ဒါပေမဲ့ လူတွေ မြင်ကြသလို ထူးဆန်းစရာတော့ မဟုတ်ပါဘူး”

“အရွယ်ရောက်ပြီးသားလူတွေကို နို့သောက်ဖို့အတွက် ဘယ်တော့မှ တိုက်တွန်းမှာမဟုတ်ပါဘူး” လို့ နို့စို့ကလေးကျန်းမာရေးကို လူနို့က ဘယ်လိုထောက်ပံ့ပေးလဲဆိုတဲ့ သုတေသနပြုလုပ်သူ ဒေါက်တာ မက်ဂန်အဇက်ဒ်က ပြောပါတယ်။

“သောက်တဲ့သူတွေကိုလည်း ဥပါဒ်ဖြစ်စေမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တကယ့်ကိုမှ နို့ရည်လို အပ်နေတဲ့ကလေးတွေအတွက်တော့ အန္တရာယ်ဖြစ်စေတဲ့အလားအလာပါ။ လမစေ့ဘဲမွေးတဲ့ ကလေးတွေလို၊ နို့ရရှိဖို့ အပြင်းအထန်ကြိုးစားရတဲ့သူတွေမျိုးတွေပေါ့ ”

”လိုအပ်နေတဲ့သူတွေကို ပိုလျှံနေတဲ့နို့ရည်တွေကို လှူပေးသင့်ပါတယ်။ ကိုယ့်အကျိုးအမြတ်အတွက် ရောင်းစားမယ့်အစားပေါ့” လို့ ဒေါက်တာ ဘော့က ပြောပါတယ်။

“ထိခိုက်အလွယ်ဆုံးသောကလေးတွေအတွက် နို့တိုက်ကျွေးဖို့အတွက် နို့ရည်တွေလုံလောက်မှုမရှိ ပါဘူး။ လမပြည့်ဘဲမွေးတဲ့ နို့စို့အရွယ်ကလေးတွေအတွက် နို့ရည်ဟာ ရောဂါတွေကိုကာကွယ် ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတာပါ။ အဲဒါကအသက်ကိုကယ်ဆယ်နိုင်တာမျိုးပါ”

အခက်အခဲရှိနေတဲ့ မိခင်တွေကတော့ သူတို့နို့ရည်တွေကို အွန်လိုင်းကနေရောင်းချပြီး ပိုက်ဆံရှာဖွေ နိုင်တယ်လို့ ထင်ကြပေမယ့် အရွယ်ရောက်ပြီး သူနို့ရည်သောက်သုံးကြသူတွေအတွက် နို့ရည်ဝယ် ယူခြင်းနဲ့ အန္တရာယ်များတဲ့ လမ်းကြောင်းဟာ ကြီးထွားလာစေပါတယ်လို့ ဒေါက်တာ အဇက်ဒ်က ထောက်ပြပါတယ်။

ဒါပေမယ့်လည်း သူအပြစ်ရှိတယ်လို့ မခံစားရဘူးလို့ ဂျိမ်းဆင်က ပြောပါတယ်။

“ကလေးတွေ နို့ငတ်အောင်လုပ်သူလိုမျိုး လူတွေက ကျွန်တော့်ကို စွပ်စွဲကြတယ်။ ဒါပေမယ့်လည်း ဆေးရုံအပြင်မှာ သွားရပ်နေပြီး မိခင်တွေရဲ့ နို့ရည်တွေ အကုန်ပေးဖို့တောင်းနေတာမျိုးမှမဟုတ်တာ”

တကယ့်လက်တွေမှာတော့ အမျိုးသမီး ၁၀၀ ကျော်က သူ့ကို ဆက်သွယ်ပြီး ပိုလျှံနေတဲ့ နို့ရည်တွေကို ရောင်းဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမားရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ
လူနို့ရည်ဟာ သုသေတန ကြီးကြီးမားမားလေ့လာမှု မလုပ်ရသေးတဲ့နယ်ပယ်ဖြစ်ပါတယ်။

“မိခင်နို့ရည်နဲ့ ပတ်သက်ပြီး သုတေနသ လုပ်ကြဖို့ ဂရုမမူခဲ့ကြာတာ အတော်ကြာမြင့်နေပါပြီ။ ဘာလို့လဲဆိုရင် ဒါဟာ အရေးမကြီးတဲ့အမျိုးသမီးကိစ္စလို့ မြင်ကြတာကိုး” လို့ ဒေါက်တာအဇက်ဒ်က ပြောပါတယ်။

ဒါပေမဲ့လည်း အခုတော့ အဲဒီအမြင်ဟာ ပြောင်းလဲလို့ လာနေပါပြီ။

အခုတော့ လူ့နို့ရည်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး လေ့လာမှုအချို့ပြုလုပ်နေပါပြီ။ လူ့နို့ရည်မှာပါတဲ့ ဓာတ်ပစ္စည်းအချို့ဟာ အဆစ်အမြစ် ရောင်ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာနဲ့ အူသိမ်အူမရောဂါစတဲ့အခြေအနေတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ကုသမှုတွေလုပ်နိုင်မလားဆိုပြီး လေ့လာနေပြီဖြစ်ပါတယ်။

လူ့နို့ရည်မှာ အမျှင်ဓာတ်ကြွယ်ဝပြီး အူလမ်းကြောင်းအကျိုးဖြစ်စေတဲ့ဓာတ်တွေဖြစ်တဲ့ HMOs ပါဝင်တာကြောင့် ဒီဓာတ်ကနေ ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ ဒေါက်တာအဇက်ဒ်က အထူးတလည် စိတ်လှုပ်ရှားနေပါတယ်။

ဒီအမျှင်မျိုးတွေဟာ အစာကြေလွယ်စေတာမျိုးမဟုတ်ပေမဲ့ အစာအိမ် အတွက် လိုအပ်တဲ့ဘက်တီးရီးယားပိုးတွေအဖြစ် အကျိုးကျေးဇူးရရှိပြီး ကလေးငယ်တွေမှာတော့ ခန္ဓာကိုယ်အတွင်းမှာရှင်သန်တဲ့ မျက်စိနဲ့မြင်နိုင်တဲ့ ပဋိဇီဝသက်ရှိပိုးမွှား ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

“အသက်အရွယ်ရောက်ပြီးသူတွေမှာ အူမကြီးရောဂါလို ရောင်ယမ်းတဲ့အခြေအနေတွေအတွက် အကူအညီပေးရာမှာ ဒီဓာတ်ကို အသုံးပြု နိုင်မလားလို့ သုတေသနလေ့လာ သူတွေဟာ စစ်ဆေးနေပါတယ်”

“မျက်စိနဲ့ မြင်နိုင်တဲ့ ပဋိဇီဝသက်ရှိပိုးမွှားတွေဟာ ကျွန်တော်တို့ကျန်းမာရေးရဲ့ အတော်လေး အရေးကြီးတာကို သိထားရပါတယ်။ ဒီလိုပိုးတွေကို အူထဲမှာ တိုးပွားအောင်လုပ်နိုင်တဲ့နည်းလမ်းမျိုးကို ကျွန်တော်တို့ သိနိုင်မယ်ဆိုရင်တော့ အကျိုးကျေးဇူးမျိုးစုံကို ရနိုင်မှာပါ။ ပြီးတော့လည်း နို့ရည်မှာ အဲဒီလိုအရာတွေ ပါဝင်နေပါတယ်။”

အပေါ်မှာ ပြောခဲ့တဲ့ ဓာတ်တွေထဲက တစ်မျိုးဟာ ရုတ်တရက် နှလုံးရပ်သေဆုံးတာနဲ့ လေဖြတ်တာတွေဖြစ်နိုင်တဲ့ သွေးကြောတွေ ပိတ်ဆို့မှုကို လျှော့ချနိုင်တယ်ဆိုတာကို ကြွက်တွေမှာ စမ်းသပ်မှုတစ်ခုကနေ ၂၀၂၁ ခုနှစ်မှာ ဒေါက်တာဘော့ တွေ့ရှိထားပါတယ်။

“လူနို့ရည်မှာပါဝင်တဲ့အရာတွေဟာ အံ့သြဘနန်းပါပဲ” လို့ ဒေါက်တာဘော့က ပြောပါတယ်။ “ဒါဟာလူသားတွေဖွံ့ဖြိုးဖို့အတွက် လူသားတွေဖန်တီးထားတဲ့ တခုတည်းသောအရာပါ”

လူသားတွေက အထူးပြုလုပ်ထားတဲ့ ဒြပ်ပေါင်းလိုမျိုး ခန္ဓာကိုယ်ထဲကို ထိုးသွင်းရတဲ့ဆေးအများစုနဲ့ မတူပါဘူး။ လူနို့ရည်ဟာတော့ လုံခြုံတဲ့အလားအလာနဲ့ ပိုမိုပြီးအစွမ်းလည်းထက်တာပါလို့ သူက ပြောပါတယ်။

နို့ရည်ဟာ အာနိသင်ရှိတယ်လို့ဆိုပေမဲ့ လက်တွေ့ လေ့လာစမ်းသပ်ထားတဲ့အချက်အလက်တွေတော့ နည်းနေပါသေးတယ်။

ပြုလုပ်နေဆဲ လက်တွေ့စမ်းသပ်မှုတွေကနေပြီး အောင်မြင်မှုကို သက်သေပြနိုင်ခဲ့ရင်တော့ နှစ်တိုင်းမှာ လူသန်းနဲ့ချီပြီးသေဆုံးစေတဲ့ နှလုံးဖောက်တာနဲ့ လေဖြတ်တာတို့ကို အဓိကကာကွယ်တဲ့ နေရာမှာ လူနို့ရည်က အရေးပါတဲ့နေရာမှာရှိနေနိုင်မယ်လို့ ဒေါက်တာ ဘော့က အပြည့်အဝယုံကြည်ထားပါတယ်။

“လေဖြတ်တာနဲ့ နှလုံးဖောက်တာကြောင့် သေဆုံးသူသန်းပေါင်းများစွာသော လူအရေအတွက်ကိုလျှော့ချနိုင်မယ်လို့ စဥ်းစားလိုက်ရင်ကို အဲဒီဟာက အံသြဖွယ်ကောင်းတဲ့ ဆေးဘက်ဆိုင်ရာ ရှာတွေ့မှုတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ဒေါက်တာ ဘော့က ပြောပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top