ငလျင်လှုပ်သော်လည်း မြန်မာတွင် နျူကလီးယားစက်ရုံ ဆောက်မည်ဟု ရုရှား Rosatom ကုမ္ပဏီ ပြော

ငလျင်လှုပ်သော်လည်း မြန်မာတွင် နျူကလီးယားစက်ရုံ ဆောက်မည်ဟု ရုရှား Rosatom ကုမ္ပဏီ ပြော

မြန်မာတွင် မတ်လအတွင်းက လှုပ် ခဲ့သည့် ငလျင်ဒဏ်ကြောင့် နိုင်ငံတွင်း အချို့နေရာများတွင် အပျက်အစီးကြီးမားသော်လည်း နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုစီမံကိန်းအား ဦးဆောင်နေသည့် ရုရှားအစိုးရပိုင် Rosatom နျူကလီးယားစွမ်းအင်ကုမ္ပဏီက Reuters သို့ ပြောသည်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်မလှုပ်မီ သုံးပတ်အလို လွန်ခဲ့သည့်လက အသေးစား နျူကလီးယား စက်ရုံတည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ထိုငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ထက်မနည်း သေဆုံးခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံ၌ ကနဦးအဆင့်အနေဖြင့် ၁၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို (SMR) တည်ဆောက်မည်ဖြစ်ပြီး ရုရှားနိုင်ငံပိုင်နျူကလီးယားကော်ပိုရေးရှင်းRosatom မှထုတ်လုပ်သော ၅၅ မဂ္ဂါဝပ် ဓာတ်ပေါင်းဖို နှစ်ခုပါဝင်မည်ဖြစ်သည်။

မကြာသေးမီက ငလျင်လှုပ်ရာ၌ Rosatom ကုမ္ပဏီ၏ မြန်မာနိုင်ငံရှိ အစီအစဉ်များကို ထိခိုက်ခြင်းမရှိကြောင်း ကုမ္ပဏီ၏ ပြန်ကြားရေးအဖွဲ့က အီးမေးလ်မှတဆင့် ဖြေကြားသည်။

Rosatom ကုမ္ပဏီသည် ငလျင်ဒဏ်ခံနိုင်ရေးသတ်မှတ်ချက်များအပါအဝင် အမြင့်ဆုံး နိုင်ငံတကာ ဘေးကင်းလုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှု စံနှုန်းများအတိုင်း လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

အရေးပါသော အခြေခံအဆောက်အအုံများ ပျက်စီးစေခဲ့သည့် ငလျင်လှုပ်ခဲ့ သော်လည်း နျူကလီးယား အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည့် ကုမ္ပဏီ၏ ရည်ရွယ်ချက်ကို အစောပိုင်းက ထုတ်ဖော်မပြောခဲ့ပေ။

Rosatom သည် RITM-200N ဓာတ်ပေါင်းဖိုများဖြင့် စွမ်းအင်ထုတ်မည့် နျူကလီးယားစက်ရုံ၏ တည်နေရာအသေးစိတ်အချက်အလက်များနှင့် တည်ဆောက်မည့်အချိန်တို့ကို ပြောရန် ငြင်းဆိုခဲ့သည်။ Rosatom သည် RITM-200N ဓာတ်ပေါင်းဖိုများကို အစောပိုင်းက ရေခဲခွဲသင်္ဘောများတွင် အသုံးပြုရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်၏ပြောရေးဆိုခွင့်ရှိသူကလည်း ထို သတင်းနှင့်ပတ်သက်ပြီး Reuters ၏ မေးမြန်းချက်ကို တုံ့ပြန်ဖြေဆိုခဲ့ခြင်းမရှိပေ။

မြန်မာ့နျူကလီးယားတိုးတက်မှုဖြစ်စဉ်ကို အနီးကပ် စောင့်ကြည့်နေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ အာဏာပိုင်များက နျူကလီးယားစက်ရုံကို နေပြည်တော်တွင် တည်ဆောက်နိုင်သည်ဟု အကဲဖြတ်ထားကြောင်း လုံခြုံရေးသတင်းရင်းမြစ်တခုက ပြောသည်။

နျူကလီးယားစက်ရုံဆောက်ရန် အခြားအလားအလာရှိသော နေရာနှစ်ခုမှာ ပဲခူးတိုင်းဒေသကြီး အလယ်ပိုင်းနှင့် မြန်မာနိုင်ငံ တောင်ပိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့ဖြစ်သည်။ စစ်ကောင်စီနှင့် ရုရှားတို့သည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းတခုနှင့် ရေနံချက်စက်ရုံတခု တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်ဟု ထိုင်းအကဲဖြတ်အဖွဲ့က ပြောသည်။

ရုရှားနှင့် မြန်မာတို့သည် အဆိုပါကဏ္ဍအတွက် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာကျောင်းသားများသည် ၂၀၁၉ ခုနှစ်မှစ၍ ရုရှားတက္ကသိုလ်များတွင် နျူကလီးယားစွမ်းအင်နှင့် ဆက်စပ်ဘာသာရပ်များကို လေ့လာနေကြသည်ဟု Rosatom က ပြောသည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေရရှိရန် သဘာဝဓာတ်ငွေ့တင်ပို့မှုကို ဦးစားပေးလုပ်ဆောင်နေပြီး နျူကလီးယား အစီအစဉ်က ငွေကြေးအကျပ်ရိုက်နေသော စစ်ကောင်စီအတွက် စီးပွားရေးအရ အကျိုးမရှိနိုင်ကြောင်း International Crisis Group မှ မြန်မာ့ရေးရာအကြံပေး ရစ်ချက်ဟော်ဆီက ပြောသည်။

“နျူကလီးယားစွမ်းအင်က အရမ်းတန်ဖိုးကြီးပါတယ်။ မြန်မာနိုင်ငံက မတတ်နိုင်ဘူး” ဟု ၎င်းက ပြောခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top