တရွာတည်းသား PDF မိသားစုဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးနဲ့ ပြည်သူတွေကို ဖမ်းဆီးထောင်ချမှုမှာ ပါဝင်ခဲ့တဲ့ စကစ ရဲ့ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် (၃၀) ကျော်ကို ဖမ်းဆီးထား
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ အစုလိုက်အပြုံလိုက် လူသတ်ဖြတ်မှုကို ကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ ပျူစောထီးတွေနဲ့ မြို့ထဲကပြည်သူတွေကို ဖမ်းဆီးမှုတွေကို ဦးဆောင်လုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအရာရှိ (၃၀) ကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
၎င်းတို့ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ယခုလက်ရှိ ဖမ်းမိထားတဲ့ထဲမှာ အင်းတော်မြို့နယ်မှာ ၂၀၂၂ ခုနှစ် အောင်တိုဘာ ၂၈ ရက်နေ့တုန်းက နတ်မဟုတ်ကြီးရွာက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ချို့ရဲ့ မိသားစုဝင်အမျိုးသား (၈) ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တရွာတည်းသား ပျူစောထီးခေါင်းဆောင် တင့်ဇော်ဝင်း လည်းပါတယ်လို့ အင်းတော်ဒေသခံ တော်လှန်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အဲ့အခါတုန်းက နတ်မဟုတ်ကြီးရွာကို စစ်ကြောင်းထိုးတာပေါ့လေ။ အဲ့စစ်ကြောင်းနဲ့အတူက အဲ့ရွာသား တင့်ဇော်ဝင်း လည်း ပါလာတယ်။ သူက တစ်ရွာတည်းသားဆိုတော့ ဘယ်သူတွေက PDF တွေရဲ့ မိသားစုတွေဆိုတာ သိတယ်လေ။ သူပဲလက်ညိုးထိုးပြီး ဘယ်သူတွေကိုဖမ်း၊ ဘယ်သူတွေကိုဖမ်းဆိုပြီး လက်ညိုးထိုးပြီး ဖမ်းခိုင်းတာ”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါ့အပြင် အင်းတော်မြို့ပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး အကြမ်းဖက်အားပေးသူလို့ ခေါင်းစဉ်တပ် ထောင်ချမှုတွေမှာ ဦးဆောင်ခဲ့တဲ့ မြို့နယ်မှူး လှတင့်၊ ပျူစောထီးခေါင်းဆောင် အောင်မြင့်နိုင်၊ ပျူစောထီးအဖွဲ့ဝင် အောင်းကုန်းရွာသား အောင်ဝင်းနဲ့ မြို့နယ်ဦးစီးမှူး အပါအဝင်အဖွဲ့ဝင် (၃၈) ယောက်ကို ဖမ်းဆီးရမိထားတယ်လို့လည်း ပြောပါတယ်။ “တင့်ဇော်ဝင်းတို့၊ လှတင့်တို့၊ အောင်မြင့်နိုင်တို့၊ အောင်ဝင်းတို့ကြတော့ အင်းတော်မြို့ခံတွေဖြစ်တော့ ဘယ်သူက တော်လှန်ရေးကို ထောက်ပံ့နေတယ်။
ဘယ်သူကတော့ ဘယ်လိုကူပေးနေတယ်ဆိုတာကို သူတို့ကသိတယ်လေ။ သူတို့ကပဲ ရဲတွေခေါ်ပြီး ဦးဆောင်ဖမ်းပေးနေတာ။ သူတို့ကြောင့် ဖမ်းခံရသူတွေ၊ အသတ်ခံရသူတွေ မနည်းဘူး။”လို့ အင်းတော်ဒေသခံက ဆိုပါတယ်။ အဲ့ဒီအပြင် ၎င်းတို့အဖွဲ့ဟာ စစ်တပ်အတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေလည်း လုပ်ဆောင်ပေးပြီး အရာရှိတွေအတွက်လည်း တစ်လသိန်းရာချီ ပိုက်ဆံရှာပေးတာတွေပါ လုပ်ဆောင်ပေးကြောင်းလည်း သိရပါတယ်။
Kachin Waves က ရရှိထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ဖမ်းဆီးရမိထားတဲ့ထဲ မြို့နယ်မှူး၊ ပျူစောထီးနဲ့ SNA တပ်သားတွေ ပါဝင်တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းတွေနဲ့ တပ်မ (၇၇) တပ်မမှူး၊ ဗိုလ်မှူးချုပ် အောင်သက်ဦး အပါအဝင်စစ်သုံ့ပန်း (၁၈၀) ကျော်ကို ဖမ်းဆီးရမိထားကြောင်း သိရပါတယ်။