မန္တလေးမြို့ရှိ ဂရိတ်ဝေါလ် ဟိုတယ်ဖြိုချရန်အတွက် စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပေးထား
မန္တလေးမြို့တွင် ငလျင်ဒဏ်လှုပ်ခတ်ပြီးနောက်ပြိုကျအဆောက်အဦးများ ရှင်းလင်းရေးလုပ်ဆောင်ရာ၌ ၇၈ လမ်း၊ ၄၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ဂရိတ်ဝေါလ် (Great Wall) ဟိုတယ်ဖြိုချရာတွင် စစ်ကောင်စီလက်အောက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူရုံးမှ ကန့်သတ်နယ်မြေသတ်မှတ်ပေးကာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားကြောင်းသိရသည်။
ဟိုတယ်ဖြိုချနေရာတွင် “ကန့်သတ်နယ်မြေ၊ တာဝန်မှအပ မဝင်ရ ၊ ပုဒ်မ ၁၄၄ ” ဆိုင်းဘုတ်ကို ချိတ်ဆွဲထားပြီး ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း မန္တလေးမြို့ခံတစ်ဦးထံမှ သိရသည်။
အဆိုပါပုဒ်မ ၁၄၄ ထုတ်ပြန်ရာတွင် မန္တလေးမြို့၊ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးကတဆင့် ထုတ်ပြန်ရသည့်အမိန့်ဖြစ်သောကြောင့် မလိုက်နာပါက ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၈ ဖြင့် အရေးယူ ခံရနိုင်ကြောင်း ဥပဒေရေးရာနားလည်သူတစ်ဦးက ပြောကြားသည်။
Great Wall ဟိုတယ်သည် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျသွားချိန်၌ ဟိုတယ်အတွင်း ပိတ်မိနေ သူများကို အချိန်မီကယ် ဆယ်ခွင့်မပေးသောကြောင့် လူသေဆုံးမှုများသည့်အပြင် ပြိုကျပြီးနောက် ပထမဦးဆုံးရောက်ရှိသည့် တရုတ်ကယ် ဆယ်ရေးအဖွဲ့ကိုဝင်ခွင့်မပေးခဲ့ကြောင်း မန္တလေးဒေသခံ တစ်ဦးထံမှ သိရသည်။
လက်ရှိတွင်ဟိုတယ်ပြိုကျမှုကြောင့်ပိတ်မိသေဆုံးရသူများကို တစ်ဦးလျှင် ကျပ် သိန်း ၆၀ ဖြင့်နစ်နာကြေးပေးရန် ကမ်းလှမ်းမှုများရှိကြောင်း ဟိုတယ်ပြိုကျမှုကြောင့်မိသားစုဆုံးရှုံးရသူ အမျိုးသမီးတစ်ဦးက ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
အင်အားပြင်းငလျင်လှုပ်ခတ်သည့် မတ်လ ၂၈ ရက်နေ့မှ ဧပြီ ၁၂ ရက်အတွင်း အသင်ရှင်လျက် ကယ်တင်နိုင်သူ ကိုး ဦး နှင့် သေဆုံးသူ ၁၆ ဦးရှာဖွေတွေ့ရှိကြောင်း Great Wall ဟိုတယ်က ဧပြီ ၁၂ ရက်နေ့တွင်ထုတ်ပြန်ထားပြီး ယင်းနောက်ပိုင်းထပ်မံထုတ်ပြန်ခြင်းမရှိသည်ကို တွေ့ရသည်။
Great Wall ဟိုတယ်ပိုင်ရှင် ဦးတင်မောင်သည် ယခင်စစ်အစိုးရဦးသန်းရွှေလက်ထက်ကတည်းက ခရိုနီတစ်ဦး ဖြစ်ပြီး ယခုစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးအချိန်တွင် ခြေရာပျောက်နေကြောင်းသိရသည်။