ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်တပ် အထိနာ၊ ကာကင်းစခန်းငါးခုထက်မနည်းကို တော်လှန်ရေးတပ်များ ယနေ့ သိမ်း
ကချင်ပြည်နယ်၊ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာနေပြီး ကာကင်းစခန်းငါးခု ထက်မနည်းကို ကေအိုင်အေနှင့် မဟာမိတ်တို့က ယနေ့(ဧပြီ၂၆ရက်)နံနက်ပိုင်း၌ သိမ်းပိုက်လိုက် ကြောင်း သိရသည်။
အမှတ်၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ၏ ကာကင်းများအပြင် ဗန်းမော်မြို့တွင်း စစ်တပ် တပ်စွဲထားသော နေရာအချို့ကိုလည်း ကေအိုင်အေနှင့် မဟာမိတ်တို့က ထပ်မံသိမ်းဆည်းရရှိ ကြောင်း Banmaw Scout Team က သတင်းထုတ်ပြန်သည်။
“ကျတော်တို့လည်း အဲဒီလိုပဲ ကြားတယ်။စစ်တပ်က ထုံးစံအတိုင်း လေကြောင်းနဲ့ပေါ့။ဒီနေ့ လေကြောင်းကနေ တော်တော်ပစ်တယ်လို့လည်း ပြောကြတယ်။လေကြောင်းကတော့ တွေ့မရှောင် ပေါ့။ဗန်းမော်တစ်မြို့လုံးကတော့ ပျက်နေပါပြီ။ဒီလောက်မြို့ပျက်ပြီးတဲ့နောက် တော်လှန်ရေးတပ် တွေ မြန်မြန်နိုင်တာ မြင်ချင်လှပြီ”ဟု ရွှေကူမြို့တွင် စစ်ဘေးရှောင်နေသော ဗန်းမော်ဒေသခံတစ်ဦး က MPA သို့ပြောသည်။
စစ်တပ်ဘက်က လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် အပြင်းအထန်ခုခံနေပြီး နှစ်ဖက် အထိအခိုက်များကြောင်း Banmaw Scout Team ကဆိုသည်။
တိုက်ပွဲဖြစ်ရာနေရာများနှင့်အနီးဝန်ကျင်တို့တွင် နေအိမ်ထိခိုက်မှုများပြီး အရပ်သားအချို့လည်း ထိ ခိုက်မှုရှိကြောင်း သတင်းရရှိထားသော်လည်း အတည်မပြုနိုင်သေးကြောင်းလည်း ဆိုသည်။
“အရပ်သားဆိုတာက ဗန်းမော်မြို့ထဲမှာပဲ တချို့လည်း အိမ်စောင့်၊တချို့ကျတော့ ရှောင်စရာနေရာကို မရှိလို့ ဖြစ်ချင်ရာဖြစ်နေနေတာ”ဟု စစ်ဘေးရှောင်ဗန်းမော်ဒေသခံက ဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလေးရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး KIA၊ AA၊ ABSDF၊ KPDF နှင့် ဗန်းမော် မြို့ခံ UG အဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။