ပြည်ကနေ ဝါးခယ်မကိုသွားတဲ့ ကျောင်းထိုင်ဘုန်းကြီး ၂ ပါး ပျောက်ဆုံးနေ
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မြောက်နဝင်းရွာသစ်ကြီး (ခ) ကံကလေးကျေးရွာက ကျောင်းထိုင်ဘုန်းကြီး ၂ ပါး ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ကို ခရီးသွားရာက အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေတယ်လို့ တပည့်ဒကာတွေဆီက သိရပါတယ်။
ကံကလေးကျေးရွာ လင်းရောင်ခြည်ကျောင်းတိုက်ဆရာတော် သက်တော် ၅၂ နှစ်ရှိ ဦးဉာဏဝရ နဲ့ ဖွတ်ဥကိုင်း (ဣစ္ဆာသရိယ)ကျောင်းတိုက်ဆရာတော် သက်တော် ၆၄ နှစ်ရှိ ဦးပညာလာဘတို့ ၂ ပါးဟာ ဧပြီ ၂၆ ရက်မနက်ပိုင်းမှာ ဥသျှစ်ပင်ကတဆင့် ပုသိမ်-မုံရွာလမ်းအတိုင်း ကားမောင်းနှင်သွားရာက ယနေ့အထိ အဆက်သွယ်ပြတ်တောက်သွားခဲ့တာလို့ ဆိုပါတယ်။
“ကားနဲ့သွားတာလေ၊ ဘုန်းကြီးကားလေးနဲ့။ ဘုန်းကြီး ၂ ပါးကြွသွားတာ၊ လူကတော့မပါဘူး ။ ဘုန်းကြီးကားမှာ ဣစ္ဆာသရိယကျောင်းတိုက်လို့ ရေးထားတယ်။ ဘာအဆက်အသွယ်မှ ကျနော်တို့ မရဘူးဗျ။ ဥသျှစ်ပင်လမ်းကြောကနေသွားတာ။ ဒီနေ့နဲ့ဆို ၆ ရက်ရှိသွားပြီ။ အဆက်အသွယ်ကို မရဘူးဖြစ်နေတယ်။” လို့ ဆရာတော်တွေနဲ့ရင်းနှီးတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဆရာတော် ၂ ပါးဟာ ဧပြီ ၂၆ ရက်မနက် ၇ နာရီခန့်မှာ ကံကလေးရွာကနေ စတင်ထွက်ခွာသွားပြီးနောက် မနက် ၁၀ နာရီဝန်းကျင် ဧရာဝတီတိုင်း၊ ကွင်းကောက်မြို့အနီးမှာ နောက်ဆုံးဖုန်းအဆက်သွယ်ရပြီးနောက် ဒီကနေ့အထိ ဆက်သွယ်လို့မရတော့တာလို့ သိရပါတယ်။
ခုလိုပျောက်ဆုံးနေတဲ့အတွက် ဒကာ၊ ဒကာမတွေလည်းစိတ်ပူနေကြရပြီး အမြန်ဆုံးအဆက်အသွယ်ပြန်ရချင်ကာ လိုက်လံရှာဖွေမှုတွေလည်းလုပ်နေတယ်လို့ သိရပါတယ်။
“ ဆရာတော်တွေကိုလည်း ဘယ်နေရာရောက်ရောက် ဒကာ၊ ဒကာမတွေကို ပြန်ဆက်သွယ်ပါ။ အရမ်းစိတ်ပူနေတယ်လို့ ပြောချင်ပါတယ်။” လို့ တပည့်ဒကာတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်တို့မှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး စစ်ကောင်စီဘက်က ကုန်စည်သယ်ယူခွင့်ကန့်သတ်ကာ ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတဲ့အပြင် ပုသိမ်-မုံရွာကားလမ်းပိုင်းတလျောက်မှာလည်း ကာကင်းတွေတိုးချကာ စစ်ဆေးရေးတင်းကျပ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။