ဧရာဝတီတိုင်းအတွင်းက တိုက်ပွဲတွေကြောင့် ပုသိမ်လေတပ်မှအင်အားဖြည့်ပေးနေရ
အရာရှိစစ်သည်အချို့ ထွက်ပြေးတိမ်းရှောင်မှုတွေရှိ
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ပုသိမ်လေတပ်မှ အရာရှိ၊ စစ်သည် တွေကို ဧရာဝတီရှိ တိုက်ပွဲဖြစ်ပွါးနိုင်တဲ့ မြို့နယ်တွေဆီ လုံခြုံရေးအင်အား တိုးမြှင့်ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ရခိုင့်တပ်တော်(AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရောက်ရှိနေပြီဟုသတင်းထွက်နေတဲ့ သာပေါင်းနှင့်ရေကြည်မြို့နယ်တွေဆီကို ယခုရက်ပိုင်းအတွင်းမှာကို ပုသိမ်လေတပ်မှ အရာရှိ၊စစ်သည်တွေကို ပို့ဆောင်ထားတယ်လို့ ပုသိမ်လေတပ်စခန်းဌာနချုပ်နှင့်နီးစပ်သူတစ်ဦးမှ BBM ကိုပြောပါတယ်။
” ဟိုရက်ကတင် သာပေါင်းနဲ့ရေကြည်ဘက်ကို အင်အားဖြည့်ဆိုပြီး ပုသိမ်လေတပ်ကအဖွဲ့တွေလွှတ်လိုက်သေးတယ်”
အာဏာသိမ်းကာလ အစောပိုင်းကတည်းက ပုသိမ်လေတပ်မှ စစ်သည်တွေကို လုံခြုံရေးအင်အားအနေဖြင့် ဧရာဝတီတိုင်းမြို့နယ်တွေထဲ ပို့ဆောင်ထားတာတွေရှိပေမဲ့လည်း ယခုအချိန်မှာတော့ အရင်ကထက် ပိုမိုပို့ဆောင်ပေးနေရပြီး ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
“အစောပိုင်းကတည်းက လုံခြုံရေးပို့တာတော့ရှိတယ်၊ ခုကတော့ အရင်ကထက်ပိုဆိုးတာပေါ့ ၊ တပ်မှာနေရတယ်ကိုမရှိဘူး၊ ပြေးတဲ့သူတွေလည်း ပြေးကြပြီ”ဟု အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။
အာဏာသိမ်းကာလနောက်ပိုင်းကစပြီး နိုင်ငံအနှံ့တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီအနေဖြင့် စစ်ဆင်ရေးနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် ယခင်ကလို တိုက််ခိုက်ရေးတပ်ရင်းတွေသာမက လေတပ်၊ရေတပ်နှင့် လက်ရုံးတပ်တွေကိုပါ အသုံးပြုလာကြပြီး လက်ရုံးတပ်ဖွဲ့တွေဘက်မှလည်း ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိခဲ့တယ်လို့လည်းသိရပါတယ်။
Photo-ပုံဟောင်း