ငလျင်ကြောင့် လူနေထိုင်ရန် မသင့်တော်ဘဲ အက်ကွဲနေသည့် အိမ်ရာများတွင် စစ်ကောင်စီက ပြန်လည်နေထိုင်ခိုင်းနေ၍ ဝန်ထမ်းများ ထိတ်လန့်နေ

ငလျင်ကြောင့် လူနေထိုင်ရန် မသင့်တော်ဘဲ အက်ကွဲနေသည့် အိမ်ရာများတွင် စစ်ကောင်စီက ပြန်လည်နေထိုင်ခိုင်းနေ၍ ဝန်ထမ်းများ ထိတ်လန့်နေ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် ဝန်ထမ်းအိမ်ရာ ‌၄၀၀၀ ကျော်ရှိသည့်အနက် အင်အားပြင်းငလျင်ကြောင့် ထက်ဝက်ခန့်ပျက်စီးသွားပြီး ကျန်အဆောက်အဦများမှာလည်း လူနေ ထိုင်ရန် အန္တရာယ်ရှိသည့် အခြေအနေရှိနေကြောင်း သိရသည်။

အဆိုပါအဆောက်အဦများတွင် အရပ်ဘက်ဝန်ထမ်းများကို ပြန်လည်နေထိုင်ခိုင်းနေပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားသည့် အဆောက်အဦများတွင် မူလ‌နေထိုင်ခဲ့သည့်သူများကိုလည်း သင့်လျော်သည့် နေရာထိုင်ခင်းများ စီစဉ်ပေးထားမှုမရှိကြောင်း သိရသည်။

“စစ်ရုံးချုပ်ထဲမှာလည်း အပျက်အစီးအတော်များတယ်။ ‌လိုင်းခန်းအဆောက်အဦတွေ မြေကြီးထဲ ရောက်ကုန်တယ်။ အကုန်နီးပါး အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ကျန်ခဲ့တာ။ ဝန်ထမ်းအိမ်ရာတွေ အတော်များများက အောက်ခြေတွေစောင်းပြီးတော့ မြေကြီးထဲနစ်ဝင်ကုန်တာ။ မိုးရွာတော့မြေနူးပြီး ပြိုကျမယ့်အန္တရာယ်ကို စိုးရိမ်နေရတယ်”ဟု နေပြည်တော်ရုံးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဝန်ကြီးဌာနရုံးများကိုလည်း ယာယီရုံးများဖွင့်လှစ်၍ ရုံးလုပ်ငန်းများလည် ပတ်နိုင်ရန် စစ်ကောင်စီက ကြိုးစားလျက်ရှိကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၁၃၅ ခုဖွင့်လှစ်ထားပြီး အဆိုပါနေရာများတွင် ပြောင်းရွှေ့နေထိုင်သူ ၄၈၆၅၆ ဦး၊ မိမိအစီအစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်သူ ၁၅၉၂၃၉ ဦးနှင့် ငလျင်ဒဏ်သင့် နေအိမ်များတွင် ဆက်လက်နေထိုင်နေသူ ၄၂၁၃၁၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းများကို စစ်ကောင်စီက အပြာရောင်အဆင့် သတ်မှတ် ထားသည့် အဆောက် အဦများတွင် ပြန်လည်နေထိုင်ခိုင်း၍ နောက်ဆက်တွဲငလျင်ငယ်များကြောင့် နေထိုင်သူများ စိုးရိမ်ပူပန်နေရကြောင်း ဝန်ထမ်းအသိုင်း အဝိုင်းမှ သိရသည်။

စစ်ကောင်စီက နေပြည်တော်တွင် စစ်ဘက်ရေးရာနှင့် ဌာနဆိုင်ရာအဆောက်အဦများ သုံးမရတော့ အောင် ပျက်စီးမှုရှိခဲ့သော်လည်း ဝန်ထမ်းများကို ရုံးမတက်မနေရ တက်ရမည်ဟု ညွှန်ကြားထားပြီး အချို့ရုံးဝန် ထမ်းများကို အလှည့်ကျရုံးတက်ရသည့်စနစ်စီမံထားကြောင်း ဝန်ထမ်းများထံမှ သိရသည်။

နေပြည်တော်တွင် ပြိုကျပျက်စီးနေသည့် အဆောက် အဦများကို ယနေ့တိုင် အပြီးသတ် ဖယ်ရှားနိုင်ခြင်းမရှိသေးဘဲ အဆောက်အဦများတွင် ပိ၍သေဆုံးနေသူများကိုလည်း ထုတ်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁ ရက်နေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၈၃၅ ဦးရှိပြီး ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၀၅ ဦးရှိကြောင်း သိရသည်။

#နေပြည်တော် #ငလျင်ပြိုကျ #ဝန်ထမ်းအိမ်ရာ #စစ်ကောင်စီ #ပြန်လည်နေထိုင်ခိုင်း #Ayeyarwaddy_Times

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top