ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ် ၊ ကျုံကူးတိုက်နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် မေ ၆ ရက်နေ့က ဓါးခုတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသည် နေအိမ်တွင်ရှိနေစဉ် ည၁၂နာရီ ခန့်တွင် လူတစ်စုက လာရောက်၍ ဓားဖြင့် ခုတ်သောကြောင့် ရရှိသောဒဏ်ရာများဖြင့် ကျုံကူးဆေးရုံမှ ပုသိမ်ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခြင်း ဖြစ်သည်။
“ပြည်သူ့စစ်မှုထမ်းကိစ္စမှာ သူကတော်တော်ဆိုးဆိုးတွေလုပ်တာကြောင့်မကျေနပ်သူတွေများနေတာ ခုထိတော့တရားခံမမိသေးဘူး”ဟု ဒေသခံတစ်ဦးမှ ပြောသည်။
သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးဦးတင့်ဝေ သည် ကျေးရွာအတွင်း စစ်မှုထမ်းထောက်ပံကြေးများတောင်းခံခြင်း၊ လူငယ်များကို စစ်သင်တန်းများသို့ အတင်းအဓ္ဓမ စေလွှတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့်ရဲများက ဒေသခံအချို့ကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည်။
ပြီးခဲ့သည့်ဧပြီလ အတွင်းကလည်း ဧရာ၀တီတိုင်း၊ကျုံပျော်မြို့နယ်၊ညောင်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးလှကြိုင် သေနတ်နှင့်ပစ်ခတ်ခံရကာသေဆုံးခဲ့ပြီး ဟင်္သာတမြို့နယ်၊ သံနွံသနော့ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဖြူ ဓားခုတ်ခံရကာသေဆုံးခဲ့သည်။