ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) သိမ်းပိုက်ထားသည့် မတ္တရာအရှေ့ခြမ်းသို့ ဧပြီလကစကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ယနေ့တိုင် ဆက်တိုက်ပြုလုပ်နေရာ မြေပြင်ကပါ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စစ်ရေး သတင်းရင်းမြစ်များနှင့် ဒေသခံ များထံက သိရသည်။
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၄ မိုင်အကွာ MDY-PDF ထိန်းချုပ်ထားသည့် မတ္တရာအရှေ့ခြမ်းတွင် တရုတ်နှင့်ဖက်စပ် လုပ်ကိုင်သည့် အယ်လ်ဖာဘိလပ်မြေစက်ရုံရှိသလို စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို လုပ်ပိုင်ခွင့်ရ အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းဖြစ်သော ဖယောင်းတောင်သတ္တုတွင်းလည်း တည်ရှိပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ၌ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
မတ္တရာမြို့နယ် ပကဖမှ တာဝန်ရှိသူတဦးက “ရွှေလုပ်ကွက်တွေကို သိမ်းထားလိုက်နိုင်တာက တော်လှန်ရေးအင်အားစုတွေ အတွက် ဘဏ္ဍာရေးတခုဖြစ်နေတော့ စစ်ကောင်စီက ရွှေလုပ်ကွက်တွေကနေ ရလာမယ့်ဘဏ္ဍာရေးကို ဖြတ်တောက်ချင်တာမျိုးပေါ့။ အဲဒီဘဏ္ဍာရေးပိုင်းသာ ပြည့်ပြည့်ဝဝရခဲ့မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်ခဲယမ်းက အခုထက် ပိုတောင့်တင်းလာနိုင်တယ်။ နောက်တခုက သူတို့ ဘာမှ လုပ်လို့မရတော့ လေကြောင်းအားကိုးနဲ့ ပစ်နေတာမျိုး တွေ လုပ်နေတာပဲ” ဟု ပြောသည်။
မတ်လ ၂၈ ရက် ငလျင်အပြီး စစ်ကောင်စီက ပြန်လည်ထူထောင်ရေးလုပ်ရန် ယာယီ အပစ်ရပ်စဲလိုက်သည် ဆိုသော် လည်း မတ္တရာမြို့နယ်ထဲသို့ သင်္ကြန်အပြီးမှစ၍ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းတို့ ယနေ့အထိ ဆက်တိုက် ပြုလုပ်နေသည်။
မေ ၆ ရက်က မတ္တရာနယ်အရှေ့ခြမ်း မြောင်းသစ်၊ မြောက်တံငါကျေးရွာများအား ဗုံး ၃ ကြိမ် ကြဲခဲ့ရာ ဒေသခံများ ထိခိုက် ဒဏ်ရာရမှုများရှိခဲ့သလို မေ ၅ ရက်တွင်လည်း ကံဖြူကျေးရွာအထိုင်မှ ရှမ်းကျေး ရွာသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချခဲ့သလို လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ပြီး မြောင်းသစ်ကျေးရွာကို လေကြောင်း တိုက်ခိုက် မှု ပြုလုပ်ခဲ့သည်။
ထို့ပြင် မေ ၄ ရက်တွင် မတ္တရာအရှေ့ခြမ်းရှိ ငါးလုံးပြွတ်ရွာကို တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲခြင်း၊ မေ ၃ ရက်နှင့် မေ ၂ ရက်၊ မေ ၁ ရက်တို့တွင်လည်း ရွာတန်းရှည်ရွာ၊ ကံဖြူရွာ၊ မြောင်းသစ်ရွာ၊ သက္ကယ်ကျင်းရွာ၊ ကိုးလုံးပြွန်ရွာ၊ ကျောက်တံ တားရွာသစ်၊ အောင်ချမ်းသာရွာ တို့အား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းတို့ ပြုလုပ်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
ထို့ပြင် ဧပြီလအတွင်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ဖယောင်းတောင်သတ္တုတွင်း၊ ကျောက်တံတား၊ ထန်းပင်ကုန်ကျေးရွာများ ဘက်သို့ နယ်မြေ ပြန်လည် ထိန်းချုပ်နိုင်ရေး အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MDY-PDF ပူးပေါင်း တပ်များ သိမ်းပိုက်ထားသည့် ပွိုင့်စခန်း ၂ ခုအား ပြန်လည် လက်လွှတ်ခဲ့ရကြောင်း သိရသည်။
မြေပြင်စစ်ရေး သတင်းရင်းမြစ်တဦးက “သိမ်းထားတဲ့ ပွိုင့်စခန်း ၂ ခုကနေ နောက်ဆုတ်ပေးခဲ့ရတာ ရှိတယ်။ ပြီးတော့ သရက်ကိုင်း၊ မြကန်သာဘက်ကနေပြီးတော့ ထန်းပင်ကုန်း၊ ကုန်းသာဘက်နဲ့ အောင်သပြေ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တွေဘက်ကို ပြောင်းကြီးနဲ့ နေ့တိုင်းနီးပါး ပတ်ပစ်နေတာ။ စစ်ကြောင်းထိုးရင်လည်း သာလွန်အင်အားနဲ့မှ စစ်ကြောင်းထိုးရဲ တော့တာ၊ ဒါတောင် သူတို့တွေ အထိနာပြီး နောက်ပြန်ဆုတ်ပြေးရတာ တော်တော်များတယ်။ သူ့ဘက် ကိုယ့်ဘက် အထိအခိုက် အကျအဆုံးတော့ ရှိပါတယ်” ဟု ပြောသည်။
မတ္တရာအရှေ့ခြမ်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊ ဗုံးကြဲခြင်းတို့ကြောင့် ပြည်သူအများစုသည် အိုးအိမ်စွန့်ခွာ မှုများရှိသော်လည်း အိမ်၌ကျန်ရှိသည့်ပစ္စည်းများ ခိုးယူခံရမည်စိုး၍နှင့် တိမ်းရှောင်စရာနေရာမရှိသဖြင့် အရဲစွန့်ကာ ဆက်လက် နေထိုင်ကြသူများလည်း ရှိကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း (ရှမ်း/မန်းစစ်ဆင်ရေး) တွင် မန္တလေး PDF အနေဖြင့် ဖယောင်းတောင်သတ္တုတွင်း တပ်စခန်း၊ ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီး တပ်စခန်းအပါအဝင် မတ္တရာမြို့နယ် အရှေ့ ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၄၀ ခုထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဟု သိရသည်။
ဖယောင်းတောင် သတ္တုတွင်းကို စစ်ကောင်စီလက်အောက်ခံ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် ဦးမောင်ကိုပိုင် Myanmar Golden Point Family ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ကာ ဧက ၅၄၀၀ ခန့်ထိ ကျယ်ဝန်းပြီး ရွှေနှင့် သတ္တုရောရာ သတ္တုရိုင်း ခန့်မှန်ခြေတန်ချိန် တန် ၄၇၀၀၀ ထွက်ရှိကြောင်း၊ အဆိုပါ သတ္တုရိုင်းကို အမှုန့်ကြိတ်ကာ ဆာရာ နိုက်ဓာတ်ဆေးဖြင့် ရွှေဖမ်းခြင်း၊ ကာဗွန်ဖြင့် ရွှေသန့်စင်ထုတ်လုပ်ရာ တလလျှင် ရွှေတပိဿာကျော် ထွက်သည်ဟု ၂၀၂၃ ခုနှစ်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံ တင်ပြသည့် ကုမ္ပဏီ၏ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
မတ္တရာမြို့နယ်သည် မန္တလေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသောမြို့နယ်ဖြစ်သလို ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ စု၊ ၂၈၆ ရွာရှိပြီး အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်၊ စစ်ကိုင်း၊ မြောက်ဘက်တွင် စဉ့်ကူး၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်ကာ မန္တလေးမှ ကား၊ ဆိုင်ကယ် ၁ နာရီခန့်သာ မောင်းနှင်ရသည့်အကွာအဝေး၌ တည်ရှိသည်။