မန္တလေးငလျင်ပြင်းအားမျိုး ရန်ကုန်မှာ လှုပ်ခဲ့ရင်…

မန္တလေးငလျင်ပြင်းအားမျိုး ရန်ကုန်မှာ လှုပ်ခဲ့ရင်… (ကြိုတင်တွေးဆ ဆန်းစစ်မှု)

🛑ဒီဆောင်းပါးဟာ ဟောကိန်းထုတ်တာမဟုတ်ဘဲ ငလျင်လေ့လာမှုတွေက ‘ဒီလိုသာဖြစ်ခဲ့ရင်’ ဆိုတဲ့ ကြိုတင်တွေးဆ ခန့်မှန်းမှုတစ်ခုပါ 🛑

‘မန္တလေးငလျင်ပြင်းအားမျိုး ရန်ကုန်မှာ လှုပ်ခဲ့ရင် ဘာဖြစ်နိုင်မလဲ’ ဆိုတာ စဉ်းစားကြည့်တာပါ။ သဘာဝဘေးကို ရှောင်မရပေမဲ့ အကောင်းဆုံးနည်းလမ်းက ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ။ ဒီဆန်းစစ်မှုက ကြိုတင်ပြင်ဆင်မှုတွေအတွက် အထောက်အကူပြုပါတယ်။

အဓိက စိုးရိမ်စရာ ကတော့ အဆောက်အအုံ ပြိုကျမှုများပဲဖြစ်ပါတယ်….
ဒီလိုငလျင်မျိုး ရန်ကုန်မှာ လှုပ်ခဲ့ရင် အဓိက စိုးရိမ်ရမှာ အဆောက်အအုံ ပြိုကျမှုပါပဲ။ အထူးသဖြင့် အရည်အသွေးနိမ့် တိုက်တွေနဲ့ ကိုလိုနီခေတ် အဆောက်အအုံဟောင်းတွေ အန္တရာယ်ပိုများပါတယ်။

❓ ဘယ်လိုပြိုကျနိုင်လဲဆိုရင်:
မြေသားအခြေအနေ: ရန်ကုန်ရဲ့ ပျော့တဲ့မြေသားဟာ ငလျင်ကြောင့် ရွှံ့လိုဖြစ်ပြီး (မြေသားပျော့ခွေမှု) အဆောက်အအုံ အုတ်မြစ်ကို မခိုင်မာစေဘဲ တိမ်းစောင်း၊ ကျွံဝင်၊ ပြိုကျစေနိုင်ပါတယ်။ တိုက်ကြီးတွေ ဘေးစောင်းပြိုလဲတာ၊ မြေထဲနစ်ဝင်တာတွေ ဖြစ်နိုင်ပါတယ်။

အဆောက်အအုံ ခံနိုင်ရည်နဲ့ တည်ဆောက်ပုံ:
အရည်အသွေးနိမ့် တိုက်များနဲ့ စံချိန်မမီ ဆောက်လုပ်မှုကြောင့် ငလျင်ဒဏ်မခံနိုင်ဘဲ အထပ်လိုက်ပိကျပြိုကျ (အထပ်ပိပြိုကျမှု) နိုင်ပြီး အတွင်းလူတွေ လွတ်ဖို့ နေရာလပ် မကျန်နိုင်မယ့်အပြင် ပြတင်းပေါက်ဘောင်တွေ လိမ်၊ မှန်တွေကွဲ၊ နံရံတွေကြေမွပြီး တိုင်တွေ ကျိုးပဲ့ကုန်ပါလိမ့်မယ်။

ကိုလိုနီခေတ် အဆောက်အအုံဟောင်းများ: အုတ်နဲ့ အင်္ဂတေ အဓိကဆောက်ထားလို့ ဘေးတိုက်အား (တွန်းရိုက်အား) ကို မခံနိုင်ဘဲ နံရံတွေ၊ အမိုးတွေ အလွယ်တကူ ပြိုကျနိုင်ပါတယ်။ အုတ်ပုံတွေ၊ သစ်သားယက်မ ကျိုးပဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။

ငလျင်ကြောင့် မြေသားပြောင်းလဲမှုလည်းဖြစ်လာနိုင်ပါတယ်…
ငလျင်ကြောင့် မြေသားပျော့ခွေမှုအပြင် မြေပြတ်ရွေ့၊ မြေကွဲကြောင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက အဆောက်အအုံပြိုကျမှုကို ပိုဆိုးစေပြီး ကယ်ဆယ်ရေးကို အခက်အခဲဖြစ်စေနိုင်တယ်။ မြေအောက်ရေ ပန်းထွက်တာ၊ သဲရွှံ့တွေ တက်လာတာ၊ လမ်းတွေကွဲအက်ပြီး ပိုက်လိုင်းတွေ ပေါက်ထွက်တာတွေ ကြုံနိုင်ပါတယ်။
ဒါကြောင့် လူ့အသက်များ အများကြီးဆုံးရှုံးနိုင်ပါတယ်။

ဒီလို တွေးလိုက်ရင်ဒီအကြောင်းကို ဆက်ရေးဖို့ စိတ်ထဲမှာ တကယ်ကို မကောင်းဘူးဗျာ။ ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။ ဒီလို ကြေကွဲစရာ မြင်ကွင်းမျိုးကို စကားလုံးတွေနဲ့ ပုံဖော်ရမှာ ဝန်လေးပေမဲ့၊ ကြိုတင်ပြင်ဆင်မှုရဲ့ အရေးကြီးပုံကို ထင်ဟပ်စေဖို့ ရင်နာနာနဲ့ပဲ ရေးပေးပါရစေ။

မြင်ယောင်ကြည့်ပါ… ညဉ့်နက်သန်းခေါင်၊ အားလုံး အိပ်မောကျနေချိန်… ရုတ်တရက် ကမ္ဘာမြေကြီး ဟိန်းထွက်သွားပြီး အရာအားလုံး ပြင်းထန်စွာ လှုပ်ခတ်သွားမယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သင်နေထိုင်ရာ အဆောက်အအုံဟာ ကားကြိတ်ခံလိုက်ရတဲ့ သတ္တုဘူးခွံလို ကျေမွသွားပြီး ကွန်ကရစ်တုံးကြီးတွေ၊ လိမ်ကောက်နေတဲ့ သံချောင်းတွေ၊ ကွဲကြေသွားတဲ့ မှန်စတွေ၊ အိမ်ထောင်ပရိဘောဂ အပိုင်းအစတွေကြားမှာ ပိတ်မိနေတဲ့ လူတွေရယ်
အမှောင်ထုနဲ့ ဖုန်မှုန့်တွေကြားကနေ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အကူအညီတောင်းသံတွေ၊ နာကျင်စွာ အော်ဟစ်ညည်းညူသံတွေဟာ ထိတ်လန့်တကြား ထွက်ပေါ်လာတယ်။ “ကယ်ကြပါဦး… ကယ်ကြပါဦး…” ဆိုတဲ့ အသံတွေဟာ တွေးကြည့်ရုံနဲ့ ရင်ကွဲရပါတယ်… အမေတစ်ယောက်ဟာ သူ့ရင်ခွင်ထဲက သမီးငယ်လေးကို အသက်ဘေးက ကာကွယ်ဖို့ ကြိုးစားရင်း ပြိုကျလာတဲ့ ကွန်ကရစ်တိုင်ကြီးအောက်မှာ နောက်ဆုံးထွက်သက်နဲ့အတူ ပွေ့ဖက်ထားတဲ့ပုံတွေ အပျက်အစီးပုံကြားက လက်တစ်ဖက်ဟာ အပြင်ကို ထိုးထွက်နေပြီး အကူအညီကို တောင်းခံနေပေမဲ့ တဖြည်းဖြည်း လှုပ်ရှားမှု ရပ်တန့်သွားတဲ့ပုံရိပ်တွေဟာ တွေးကြည့်ရင်တောင် ကြောက်ဖို့ကောင်းပါတယ်။

အဆောက်အအုံပြိုကျမှုရဲ့ အဓိက သားကောင်တွေဖြစ်လေ့ရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ… သူတို့ရဲ့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ မျက်နှာတွေ၊ မျှော်လင့်ချက်ရောင်ခြည် လုံးဝကင်းမဲ့နေတဲ့ မျက်ဝန်းတွေကို မြင်ယောင်ကြည့်ပါ။ အပျက်အစီးတွေကြားမှာ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ပိတ်မိနေရင်း ရေတစ်ငုံ၊ အစာတစ်လုတ် မရဘဲ အားအင်ကုန်ခမ်းပြီး အသက်ငင်နေတဲ့ အသံတွေ…။ ကယ်ဆယ်ရေးသမားတွေရဲ့ အသံကို ကြားလိုက်တိုင်း မျှော်လင့်ချက် မှိန်ပြပြလေးနဲ့ အားတင်း အော်ဟစ်ပေမဲ့ နောက်ဆုံးတော့ အသံတိတ်ဆိတ်သွားရတဲ့ မြင်ကွင်းတွေ…။ အလင်းရောင် လုံးဝမရှိတဲ့ အမှောင်ထုထဲမှာ၊ ချမ်းစိမ့်မှုနဲ့ နာကျင်မှုတွေကြားမှာ၊ မိသားစုဝင်တွေကို တမ်းတရင်း နောက်ဆုံးအချိန်ကို ရောက်သွားရသူတွေ ဘယ်လောက်များလိုက်မလဲ…။ ဒါဟာ ရုပ်ရှင်ဇာတ်လမ်းထဲက ဇာတ်ကွက်မဟုတ်ဘူး၊ သဘာဝဘေးအန္တရာယ်ရဲ့ ကြောက်မက်ဖွယ် လက်တွေ့အဖြစ်မှန်ကို မျက်နှာလွှဲလို့ မရပါဘူး။

‼️ ကယ်ဆယ်ရေး ကြိုးပမ်းမှုများနှင့် ကြီးမားသော အတားအဆီးများ

ပထမ ၂၄ နာရီဟာ အသက်ကယ်ဖို့ အရေးကြီးဆုံးပါ။ ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေ သူရဲကောင်းဆန်ဆန် ကြိုးစား ကယ်တင်ကြပါလိမ့်မယ်။ တစ်ယောက်ကိုတစ်ယောက် ဖေးမကြမယ်။ ဒါပေမဲ့ ကြီးမားတဲ့ အတားအဆီးတွေကတော့ ရှိနေမှာပါ။

‼️ လမ်းပိတ်ဆို့မှု
ပြိုကျအပျက်အစီးများက လမ်းများကိုပိတ်ပြီး ကယ်ဆယ်ရေးယာဉ် သွားလာရန်နှင့် အကူအညီရောက်ရန် ခက်ခဲ/ကြာမြင့်စေပါလိမ့်မယ်။

‼️ ဆက်သွယ်ရေး ပြတ်တောက်မှု
ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ပြီး သတင်းရရှိရန်နှင့် ညှိနှိုင်းရန် အခက်အခဲဖြစ်သွားပါလိမ််မယ်။

‼️ ကယ်ဆယ်ရေး ပစ္စည်း/ကိရိယာ လိုအပ်ချက်
ခေတ်မီစက်ယန္တရားကြီးများနှင့် အပျက်အစီးကြား လူရှာဖွေရေး ကိရိယာ မလုံလောက်မှုက အသက်ကယ်ရန် အချိန်မီစေမည် မဟုတ်ပါဘူး။

အစိုးရရဲ့ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များ – ကျွမ်းကျင်သူ ရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်အရ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရှုထောင့်က စနစ်တကျ သုံးသပ်ကြည့်ရန် လိုအပ်ပါတယ်။ ရန်ကုန်လို သိပ်သည်းသော မြို့ကြီးတွေမှာ ပြင်းထန်ငလျင်ဒဏ်ရင်ဆိုင်ရန် လက်ရှိ စီမံခန့်ခွဲမှု ယန္တရား၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်နိုင်စွမ်းတွင် စိန်ခေါ်မှုများစွာ ရှိနေသည်ဟု မြင်မိပါတယ်။ ဒါဟာ စနစ်တစ်ခုလုံးမှာ အားနည်းချက်များစွာရှိလို့ပါ

‼️ လက်တွေ့ကျပြီး ဘက်စုံခြုံငုံသော ကြိုတင်ပြင်ဆင်မှု အစီအစဉ် အားနည်းခြင်း:

ရန်ကုန်ရဲ့ သီးခြားအခြေအနေများ (မြေသား၊ အဆောက်အအုံဟောင်း၊ လူနေထူထပ်မှု) ကို ထည့်သွင်းစဉ်းစား ရေးဆွဲပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ပြည်သူများ လက်တွေ့ လေ့ကျင့်ထားတဲ့ အစီအစဉ်မျိုး ဘယ်လောက်ရှိသလဲ???

တိကျပြီး လက်တွေ့ကျ အစီအစဉ်နှင့် လေ့ကျင့်မှုမရှိပါက ငလျင်လှုပ်ချိန် ဘယ်ဌာနက ဘာတာဝန်ယူမလဲ?? ဘယ်သူဦးဆောင်မလဲ၊ အရေးကြီး သတင်းအချက်အလက် (ဘယ်မှာ လူပိတ်မိ၊ ဘယ်လမ်းပွင့်) ဘယ်လိုရယူ ဖြန့်ဝေမလဲ ??

ဒါတွေက အကြီးအကျယ် ရှုပ်ထွေးနိုင်ပါတယ်။ ဒါကြောင့်ပဲ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးပြီး အသက်ကယ်နိုင်မည့် အခွင့်အရေးများ ဆုံးရှုံးနိုင်ပါတယ်။

‼️ လိုအပ်တဲ့ သယံဇာတ၊ ပစ္စည်းကိရိယာနှင့် ကျွမ်းကျင်မှု အားနည်းခြင်း-
မြို့ပြ အဆောက်အအုံ အပျက်အစီးကြား လူရှာဖွေကယ်ဆယ်ရေးသည် အထူးပြု ကျွမ်းကျင်မှုနှင့် ကိရိယာများ လိုအပ်ပြီး ကွန်ကရစ်တုံးများ ဖောက်ရန်၊ ထောင်ရန်၊ ဖြတ်ရန် စက်ပစ္စည်းများ၊ အသက်ရှင်သူ ရှာဖွေရန် အသံလှိုင်းသုံး ကိရိယာ၊ အပူချိန်သုံး ကင်မရာများ လုံလောက်စွာနှင့် အဆင်သင့် ရှိနေရန်လိုပါတယ်။ ထိုကိရိယာများကို ကျွမ်းကျင်စွာသုံးနိုင်ပြီး အန္တရာယ်များသော ကယ်ဆယ်ရေးလုပ်နိုင်ရန် စနစ်တကျ လေ့ကျင့်ထားသော အထူးတပ်ဖွဲ့ဝင်၊ အင်ဂျင်နီယာ၊ အရေးပေါ် ဆေးဘက်ကျွမ်းကျင်သူများ လုံလောက်စွာ ရှိရန် အရေးကြီးဆုံးပါပဲ။ ထိုအဖွဲ့များ မလုံလောက်ပါက စေတနာရှင်များ ကူညီလိုသော်လည်း ထိရောက် ဘေးကင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ဒဏ်ရာရသူ အမြောက်အများကို ကုသရန် အရေးပေါ် ဆေးဝါး၊ ခွဲစိတ်ခန်း၊ သွေး လုံလောက်မှုလည်း ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါတယ်။

‼️ ဌာနဆိုင်ရာများကြား ပူးပေါင်းညှိနှိုင်းမှု ယန္တရား အားနည်းခြင်း-
ငလျင်လို ဘေးကြီးကျချိန်တွင် ဌာနများစွာ (ပြည်ထဲရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်၊ ရဲ၊ တပ်မတော်) တစ်ခုတည်းသော ဦးဆောင်မှုအောက် ချောမွေ့ လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။ လက်ရှိတွင် ဌာနတစ်ခုနှင့်တစ်ခု သတင်းဖလှယ်ရန်၊ တစ်ဦးအမိန့်ကို တစ်ဦးနာခံပြီး အတူလှုပ်ရှားရန် ကြိုတင်လေ့ကျင့်ထားသော ယန္တရား ဘယ်လောက်အားကောင်းနေပြီလဲ။ အထူးသဖြင့် ဆက်သွယ်ရေး ပြတ်တောက်ချိန်တွင် ဘယ်သူဘာလုပ်ရမှန်းမသိ ဖြစ်နိုင်ပါတယ်။ ညှိနှိုင်းမှု အားနည်းမှုကြောင့် ရှိတဲ့ ကယ်ဆယ်ရေးအင်အားနှင့် ပစ္စည်းများကို အထိရောက်ဆုံး အသုံးမချနိုင်ဘဲ အချိန်နှင့် လူအင်အား အလဟဿ ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာ အကူအညီနဲ့ ထိရောက်စွာ ပေါင်းစပ်လုပ်ကိုင်ရန် ကြိုတင်ပြင်ဆင်မှု အားနည်းမှုလည်း ရှိနိုင်ပါတယ်။

‼️ ပြည်သူလူထုကို ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုနှင့် လက်တွေ့ လေ့ကျင့်မှု အားနည်းခြင်း:
ငလျင်လှုပ်လျှင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ (ငုံ့၊ ကာ၊ ကိုင်)၊ အရေးပေါ် ထွက်ပေါက်၊ ဘေးလွတ်ရာ စုရပ်၊ အရေးပေါ်သုံး ပစ္စည်းအိတ် ပြင်ဆင်နည်း စတဲ့ အခြေခံအသိပညာများ ပြည်သူကြား ကျယ်ပြန့်စွာ ရောက်ရှိရန်လိုအပ်ပါတယ်။စာသင်ကျောင်း၊ ရုံး၊ လူစည်ကားရာနေရာများတွင် ပုံမှန် ငလျင်ဘေး လေ့ကျင့်မှုများ ပြုလုပ်ပြီး အရေးကြုံလျှင် တုံ့ပြန်ရန် အလေ့အကျင့်ဖြစ်နေရန် လိုအပ်ပါတယ်။ ပြည်သူများ ကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုနှင့် အသိပညာမရှိပါက အစိုးရနှင့် ကယ်ဆယ်ရေးအဖွဲ့များ ကြိုးစားသော်လည်း ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်မည် မဟုတ်ပါ။
ဒီအားနည်းချက်များ စုပေါင်းတဲ့အခါ ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်က ပိုကြီးမားနိုင်မှာ အမှန်ပါပဲ….

‼️ လူမှုအဖွဲ့အစည်းများ နှင့် စေတနာ့ဝန်ထမ်းအဖွဲ့များ၏ အကန့်အသတ်များ
ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်း အဖွဲ့များ တတ်နိုင်သလောက် ကူညီကြမှာပေမယ့် အထူးပြု ပစ္စည်းကိရိယာ၊ ကျွမ်းကျင်မှုနှင့် ရန်ပုံငွေ အကန့်အသတ် ရှိနိုင်ပါတယ်။ နိုင်ငံတကာ အကူအညီ ဝင်ရောက်ရန်လည်း အချိန်ယူရနိုင်သလို ကန့်သတ်မှုများ ရှိနိုင်ပါတယ်။

‼️ စားနပ်ရိက္ခာနှင့် သောက်သုံးရေ ပြဿနာ
သယ်ယူပို့ဆောင်ရေး ပြတ်တောက်လျှင် ရန်ကုန်လို မြို့ကြီးတွင် သောက်သုံးရေနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အချိန်တိုအတွင်း ဖြစ်လာမှာပါ။ လျှပ်စစ်မီးပြတ်လျှင် ရေပေးဝေရေး ရပ်နိုင်ပြီး၊ ဈေးဆိုင်များ ပိတ်ထားလျှင် အစားအသောက် ရရှိရန် ခက်ခဲပြီး သန့်ရှင်းသော သောက်သုံးရေ မရလျှင် ကူးစက်ရောဂါများ ပြန့်ပွားနိုင်ပါတယ်။

ဒီ “ဒီလိုသာဖြစ်ခဲ့ရင်” ဆန်းစစ်ချက်ဟာ စိတ်ဓာတ်ကျစေဖို့ မဟုတ်ဘဲ၊ အန္တရာယ်နှင့် အားနည်းချက်များကို သိရှိပြီး အဖွဲ့အစည်းလိုက် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် တပ်လှန့်ခြင်း ဖြစ်ပါတယ်။ အဆောက်အအုံ ခံနိုင်ရည် စစ်ဆေးခြင်း၊ အရေးပေါ် ထွက်ပေါက်နှင့် စုရပ်များ သိရှိလေ့ကျင့်ခြင်း၊ အရေးပေါ်သုံး ပစ္စည်းအိတ် ပြင်ဆင်ခြင်းမှသည် နိုင်ငံတော်အဆင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု စနစ်များ လက်တွေ့ကျကျ အားဖြည့်သည်အထိ လုပ်ဆောင်ရန် လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းသာ အကောင်းဆုံး ကာကွယ်ခြင်းဖြစ်၍ ကိုယ်တိုင်ရော ပတ်ဝန်းကျင်အတွက်ပါ အသိပညာ မျှဝေပြီး အတူတကွ ပြင်ဆင်ကြပါစို့။

Kyaw Tun

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top