ရန်ကုန်တိုင်း၊ ဒလမြို့နယ်၌ အသက်မပြည့်သေးသူ အမျိုးသမီးငယ်နှစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင် ရောင်းစားရန် စည်းရုံးကြံစည်ခဲ့သည့် တရုတ်နိုင်ငံသားတဦးနှင့် မြန်မာနှစ်ဦးကို မေလ ၅ ရက်တွင် တွံတေးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။
ထောင်ဒဏ် ချမှတ်ခံရသူများသည် တရုတ်နိုင်ငံ ဟူနန်မြို့နေ Mr.LUO FU CAI ဆိုသူနှင့် စကားပြန်လုပ်သူ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေ ၆ လမ်းတွင်နေထိုင်သူ မသီတာအောင်နှင့် အောင်ဇော်ဦး(ခ) ဟာမီဒူဘာတို့ ဖြစ် ကြောင်း သိရသည်။
၎င်းတို့သည် ဒလမြို့နယ်တွင် နေထိုင်သည့် အသက် ၁၃ နှစ်နှင့် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးအား တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေနားကပ်တို့ဆင်ပေးမည့်အပြင် ငွေဖြင့်လည်း တင်တောင်းမည်ဟု စည်းရုံးကာ ခေါင်းပုံဖြတ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည့် အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ အရ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- စည်းရုံးခံရသည့် မိန်းမငယ်လေး ၁ ဦးနှင့် မိခင်ဖြစ်သူကိုတွေ့ရစဉ်