ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာရှိ ခြေမြန်တပ်ရင်း ခမရ (၅၉၈) တပ်ရင်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများ ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များကဆိုသည်။
ထိုတပ်ရင်းမကျရေး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ယနေ့ (မေလ ၉ ရက်) နံနက်ပိုင်းအထိ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ တပ်ရင်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှု များသကဲ့သို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဘက်တွင်လည်း ရဲဘော် ခုနစ်ဦး ကျဆုံးကာ ၃၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရထားခြင်းရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။
“ အခုထိတော့ လေယာဥ် ကြဲနေတုန်းပဲ။ မြေကြီးပါတုန်တယ်၊ Y-12 နဲ့ ကြဲလိုက်၊ ဖိုက်တာနဲ့ ကြဲလိုက်နဲ့ ဒီနေ့ဆိုအလုံး ၇၀၊ ၈၀ လောက်ရှိမယ်။ ကိုယ့်ဘက်ကလည်း ထိထားတာ မနည်းဘူး” ၎င်းကဆိုသည်။
အလားတူ ညောင်ခြေထောက်ရွာအား ပတ်လည် ဝိုင်းထားသည့် သိမ်ဇရပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၂၀၇)၊ အမတ (၃၁၀)၊ ဒိုက်ဦး အခြေစိုက် ခမရ (၄၄၀)၊ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉) တို့မှလည်း ဟောင်ဝှစ်ဇာ အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်းများ ရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။
သတင်းရင်းမြစ်၏ ပြောကြားချက်အရ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက ခမရ (၅၉၈) အတွင်းရှိ လက်နက်တိုက်အား မီးရှို့ဖျက်ဆီးပြီးနောက် တပ်ရင်းအား စွန့်ခွာသွားခြင်း ရှိကြောင်း သိရသည်။
မွန်- ပဲခူးအစပ်၊ သိမ်ဇရပ်- ရွှေကျင်လမ်း၏ အနီးရှိ အဆိုပါတပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကစ၍ ပူးပေါင်း တပ်ရင်းသိမ်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ညောင်ခြေထောက်ရွာရှိ တပ်ရင်းအပါအဝင် သိမ်ဇရပ်- ရွှေကျင် လမ်းကြောင်းပေါ်၊ စစ်တောင်းမြစ်ကမ်းအနီးရှိ တပ်ရင်း၊ တပ်စခန်းများအား တော်လှန်ရေး ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဧပြီလ အလယ်ပိုင်းကစတင် ပိတ်ဆို့ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစတောင်းမြစ်ကမ်းဘေး၊ ကွမ်းဆိပ်ရွာရှိ တပ်စခန်းနှင့် ရဲစခန်းအား ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသဖြင့် စစ်တောင်းမြစ်ကမ်းဘေးရှိ ရှမ်းစု၊ ဘောကထာ၊ ဒုံဇရစ်၊ ညောင်ခြေထောက်၊ ကွမ်းဆိပ်၊ သူရဲသမိန်၊ စက်စု၊ ဘုရားငုတ်တို၊ ခရွဲ၊ စစ်ကွင်း အပါအဝင် စစ်တောင်းမြစ်ကမ်းဘေးရှိ ရွာများမှ ဒေသခံများ ဘေးလွတ်ရာများတွင် တိမ်းရှောင်လျက်ရှိနေကြကြောင်း ဒေသခံ၏ ပြောကြားချက်အရ သိရသည်။