လူ ၄၀၀၀ နီးပါးသေဆုံးပြီး မန္တလေး၊ စစ်ကိုင်းနှင့်နေပြည်တော်ကို ပျက်စီးခဲ့သော ငလျင်အပျက်အစီးများဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန်၊ ငလျင်ဘေးသင့်ဒေသ ခရီးသွား Tour များစီစဉ်နိုင်ဟု စစ်ကောင်စီက ကြေညာ
စစ်ကောင်စီ၏ ငလျင်အပြိုအပျက်များဖြင့် ကမ္ဘာ့ပထမဆုံးသော ခရီးသွား မြှင့်တင်ရေးဆွဲဆောင်မှုအဖြစ် ဝေဖန်ခံရ
လူ ၄၀၀၀ နီးပါးသေဆုံးပြီး မန္တလေး၊ စစ်ကိုင်းနှင့်နေပြည်တော်ကို ပျက်စီးခဲ့သော ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ခရီးသွားများ လာကြည့်မည်ဖြစ်၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ဝင်ငွေတိုးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ငလျင်ဘေးသင့်ရာ ဒေသများသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ သွားရောက်လေ့လာ ကြည့်ရှုခြင်းဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးပွားရရှိစေရေး အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ မြှင့်တင်နိုင်ရန် ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ပြည်တွင်းပြည်ပ ခရီးသွားများ သွားရောက် လည်ပတ်နိုင်ကြောင်း၊ သွားရောက်လည်ပတ်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ အချိန်နှင့်တပြေးညီ ထုတ်ပြန် ညွှန်ကြားချက်များကို လိုက်နာကြရန် အကြုံပြုကြောင်း စစ်ကောင်စီက ကြေညာထားသည်။
“ကျနော်တို့တော့ ငလျင်အပျက်အစီးတွေနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်မယ်ဆိုတာမျိုး မကြားဖူးသေးဘူး။ ကမ္ဘာမှာလည်း မရှိတဲ့ တကယ့်ကို အိုက်ဒီယာအသစ်ပဲ။ နီပေါမှာလည်း ငလျင်ကြီးလှုပ်သွားတာပဲ။ တရုတ်ပြည်မှာလည်း လူပေါင်းများစွာ သေခဲ့တဲ့ စီချွမ်ငလျင်ကြီး လှုပ်သွားတာပဲ။ ထိုင်ဝမ်မှာလည်း ငလျင်ကြီးလှုပ်ခတ်သွားတာပါပဲ။ ငလျင်ကြီးနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်မယ်ဆိုတာမျိုးတော့ တကယ့်ကို မရှိပါဘူး။ ဘယ်သူကမှလည်း လာမကြည့်ပါဘူး။ ကယ်ဆယ်ရေးလုပ်တဲ့သူနဲ့ ကူညီချင်တဲ့သူတွေပဲ လာမှာပေါ့။ ဒါကြီးက လွဲတော့ လွဲနေတယ်” ဟု ရန်ကုန်အခြေစိုက် ခရီးသွားအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်း ငလျင်ကြီးကြောင့် မြန်မာပြည်သူ ၄၀၀၀ နီးပါး သေဆုံးခဲ့ပြီး စစ်ကိုင်း၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများမှ ပြည်သူများ၏ နေအိမ်၊ တိုက်တာ အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် သေဆုံးခဲ့ရသူ ပြည်သူများနှင့် နေအိမ်တိုက်တာ အဆောက်အုံ ပြိုကျပျက်စီးမှုများ။