လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်လလျှင် ၅ သိန်း ၁ သောင်းဖြင့် လုံခြုံရေး အလုပ်ခေါ်သဖြင့် သွားရောက်လျှောက်ထားရာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သားစုဆောင်းရေးပို့ဆောင်ခံရ
ရန်ကုန်တိုင်း၊ လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်လလျှင် ၅ သိန်း ၁ သောင်းလစာရရှိမည်ဟု အလုပ်ခေါ်သဖြင့် သွားရောက်လျှောက်ထားရာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သားစုဆောင်းရေးပို့ဆောင်ခံရကြောင်း ဖမ်း ဆီးခံရသော လူငယ်တချို့ ၏ မိတ်ဆွေများက ပြောဆိုသည်။
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် လူငယ် ၂ ဦးဖြစ်သည့် မောင်ဇော်ထက်လင်းနှင့် မောင်ရဲနောင်တို့သည် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်လလျှင် ငွေကျပ် ၅ သိန်း ၁ သောင်း ရရှိမည်ဆိုသော အလုပ်ခေါ်စာ လက်ကမ်းကြေညာကို တွေ့ရှိသဖြင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ရန်ကုန်သို့ တက်လာရန် ပြောဆိုကြောင်း၊ ထို့ကြောင့် မေလ ၄ ရက်နေ့ အလုပ်လျှောက်ထားရန် ၎င်းတို့နေထိုင်ရာ သနပ်ပင်မြို့နယ်မှ ရန်ကုန်သို့ လာရောက်ခဲ့ကြပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် မေလ ၈ ရက်နေ့တွင် မောင်ဇော်ထက်လင်းနှင့် မောင်ရဲနောင်တို့က ၎င်းတို့ကို အင်းစိန်မြို့နယ်၊ ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခံထားရသည်ဟု မိသားစုထံ အကြောင်းကြားလာကြောင်း သိရှိရသည်။
“ရွှေလင်းဗန်းစက်မှုဇုန်မှာ စက်ရုံလုံခြုံရေး လုပ်ရမယ်။ တစ်လ ၅ သိန်း ၁ သောင်းရမယ်။ သင်တန်း ၃ လတက်ပြီးတာနဲ့ လုံခြုံရေး အလုပ်ရမယ်ဆိုလို့ ၂ ဦးသား ရန်ကုန်ကို တက်သွားကြတာ။ မေလ ၄ ရက်နေ့ မနက်အစော ကြီး တက်သွားပြီးတော့ ညနေမှာ သူတို့ ဖုန်းတွေက ခေါ်မရတော့ဘူး။ အဲဒါနဲ့ ၄ ရက်လောက်ကြာတော့ ရဲနောင်ကနေ သူ့အိမ်ကို ဖုန်းဆက်အသိပေးတယ်။ သူရော ဇော်ထက်လင်းရော ဒညင်းကုန်း စစ်သားစုဆောင်းရေး တပ်ကို ရောက်နေတယ်။ သူတို့ကို အလုပ်ဆိုပြီး လိမ်ခေါ်သွားတာ။ လုံခြုံရေးအလုပ်ဆိုပြီး စစ်မှုထမ်းသင်တန်း တက်ရမယ်တဲ့။ ငြင်းလို့လည်းမရတော့ဘူးလို့ ပြောတယ်” ဟု ဖမ်းဆီးခံရသူ လူငယ် ၂ ဦး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။
မောင်ရဲနောင်နှင့်မောင်ဇော်ထက်လင်းတို့ ၂ ဦးသည် အလုပ်လျှောက်ရန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်သို့ မသွားမီကတည်းက ၎င်းတို့၏ ကိုယ်ရေးအကျဉ်းနှင့်ဓာတ်ပုံများကို Viber မှတစ်ဆင့် ပေးပို့ခဲ့ကြကြောင်း၊ လှိုင်သာယာ ရောက်ရှိချိန်တွင် ဆိုင်ကယ် ၂ စီးဖြင့် အရပ်ဝတ် အမျိုးသား ၂ ဦးက လာခေါ်ကြောင်း၊ ယင်းနောက် အငှားယာဉ်ဖြင့် ထပ်မံ ခေါ်ဆောင်သွားပြီး ဒညင်းကုန်း စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံရကြောင်း၊ ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများကို သိမ်းယူသွားခဲ့ကြောင်း၊ မေလ ၈ ရက်နေ့ ရောက်သည့်အခါမှ ဒညင်းကုန်းတပ်အတွင်းမှ စစ်သား ၁ ဦး၏ ဖုန်းကို အခကြေးငွေပေး၍ သက်ဆိုင်ရာ မိသားစုများထံသို့ အသိပေးအကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အွန်လိုင်းမှာဖြစ်ဖြစ်၊ လက်ကမ်းကြော်ငြာနဲ့ဖြစ်ဖြစ် လစာကောင်းမယ်၊ အလုပ်ရမယ်ဆိုတာတွေကို မယုံကြည်ကြဖို့ပါ။ လစာ ၅ သိန်း ၁သောင်းပေးမယ်၊ လုံခြုံရေးလုပ်ရမယ်ဆိုပြီး စစ်ထဲ လိမ်ခေါ်ခံရတဲ့ ဖြစ်စဉ်လို အခြားသော လူငယ်တွေ မဖြစ်အောင်ပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လတ်တလော ဖမ်းဆီးခံထားရသော မောင်ရဲနောင်နှင့် မောင်ဇော်ထက်လင်းတို့သည် ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ တွင် တက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။