ရွှေကျင် ခမရ(၅၉၈) နောက်တန်းဌာနချုပ်ကို PDF တပ်ဖွဲ့သီးသန့်ဖြင့် တိုက်ခြင်းဖြစ်

တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ချဖို့ကမ်းလှမ်းခဲ့ပေမဲ့ ဌာနချုပ်တပ်ခွဲမှူးမှ ငြင်းဆို

ရွှေကျင်မြို့နယ်ရှိ ခမရ(၅၉၈) ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ရာတွင် တောင်ပိုင်းတိုင်းအတွင်းရှိ PDF တပ်ဖွဲ့တွေ သီးသန့်ဖြင့်သာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ကမ်းလှမ်းခဲ့ပေမဲ့ ခမရ(၅၉၈)မှ ဌာနချုပ်တပ်ခွဲမှူးက ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာအနီးမှာရှိတဲ့ အဆိုပါ နောက်တန်းဌာနချုပ်ကို တိုက်ခိုက်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က တစ်လခန့် အချိန်ယူစီမံချက်ရေးဆွဲခဲ့ပေမဲ့လည်း တစ်ကယ်တိုက်တဲ့အချိန်မှာတော့ တစ်ရက်သာကြာခဲ့တယ်လို့လည်း သိရပါတယ်။

“စီမံချက်ကတော့ တစ်လလောက်ရှိတယ်၊ ကြိုဆွဲထားတာ၊ တကယ်တိုက်တော့ တစ်ရက်ပဲကြာတယ်၊ ဒါ PDF သီးသန့်ပါပဲ၊ EAO တပ်ဖွဲ့က အကြံပေးတာလောက်ပဲရှိတယ်၊ ကျတော်တို့တိုက်နိုင်တယ်ဆိုတာသိအောင် တမင်အခွင့်အရေးပေးတာပါ” ဟု အဆိုပါတိုက်ပွဲထဲပါဝင်သူ မြေပြင်ရဲဘော်တစ်ဦးမှ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်မှလည်း ခမရ (၅၉၈) မကျစေရေးအတွက် မြေပြင်စစ်ကူများပေးလွှတ်ရုံသာမက အနီးနားရှိ အမြောက်တပ် (၃၁၀)၊ ခမရ(၂၀၇) ၊ ဆင်ရွာ၊ ဂျိုးလေး ဘက်မှ လက်နက်ကြီးပစ်ကူများ ၊ လေကြောင်းမှ တိုက်လေယာဥ်များဖြင့် အကြိမ်ကြိမ်ပစ်ကူပေးခဲ့တယ်လို့လည်း အဆိုပါရဲဘော်မှဆက်ပြောပါတယ်။

“ရှိသမျှ လေယာဥ်တွေအကုန် လာကြဲသလားတောင်ထင်ရတယ်၊ တောက်လျှောက်ကိုလာတာ ၊UAV တွေတောင်ပါသေးတယ်၊ ၁၂၀ မှီတဲ့နေရာတွေအကုန်လုံးကနေလည်း ပစ်ကူတွေပေးတာပဲ”

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်မှ စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ပြောဆိုခဲ့ပေမဲ့လည်း လေကြောင်းနဲ့ နောက်ကလိုက်လာမဲ့ စစ်ကူများကိုမျှော်ကိုးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

မေလ(၈)ရက်နေ့ တစ်နေကုန်နီးပါးကြာမြင့်ခဲ့တဲ့ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဌာနချုပ်တပ်ခွဲမှူးအပါအဝင် စစ်သည်အယောက်၂၀ထပ်မနည်းသေဆုံးကာ ၈၁နောက်ပွင့်၂လက် ၊ ပွိုင့်၅ ၂လက်၊ ၆၀ ပြောင်းတို ၈ လက်အပါအဝင် လက်နက်ငယ်အမြောက်အများရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှလည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွါးရာ ခမရ (၅၉၈) တပ်ရင်းပတ်ချာလည်ရှိ ကျေးရွာများနှင့်စစ်တောင်းမြစ်ကမ်းဘေးရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top