ရွှေဘိုတွင် ဆိပ်ခွန်ရွာမှ ယာဥ်မောင်းနှင့် အမျိုးသမီး ၁ ဦးတို့ကို ကျန်းမာရေးဆေးပစ္စည်းများ သယ်ယူမှုဖြင့် ဖမ်းဆီးပြီး ကားနှင့် ကုန်ပစ္စည်းများသိမ်းယူ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ဆိပ်ခွန်ရွာမှ ကုန်ကားတစ်စီးကို ကျန်းမာရေးဆေးဝါးနှင့် ဆေးခန်းသုံးပစ္စည်းများသယ်ယူသည်ဟုဆိုကာ ယာဥ်မောင်းနှင့် အမျိုးသမီးတို့ကို စစ်ကောင်စီက ဖမ်းဆီးကာ ကားနှင့်ဆေးကုန်ပစ္စည်းများကို သိမ်းယူသွားကြောင်း ဖမ်းဆီးခံရသူ ၂ ဦး၏ မိတ်ဆွေများက ပြောကြားသည်။
ဧပြီလ ၃၀ ရက်နေ့တွင် ရွှေဘိုမြို့အဝင်စစ်တပ်ဂိတ်တွင် အကြမ်းဖက်စစ်တပ်က ကျန်းမာရေးဆေးနှင့် ဆေးပစ္စည်းများသယ်ယူသည်ဟုဆိုကာ ယာဥ်မောင်း ၁ ဦးနှင့် ယာဥ်ပေါ်ပါ မငြိမ်းငြိမ်း တို့ကို ဖမ်းဆီးလိုက်ကြောင်း၊ ယယင်းနောက် ကားနှင့် ဆေးဝါး၊ ဆေးကုန်ပစ္စည်းများကို စစ်တပ်က သိမ်းယူသွားကြောင်း သိရှိရသည်။
“ဆေးအရောင်းဆိုင်တွေက မှာတဲ့ ကျန်းမာရေး ဆေးနဲ့ ဆေးပစ္စည်းတွေ သယ်လို့ ဖမ်းတာလို့ကြားတယ်။ သူတို့က ရွာနယ်က ထွက်တဲ့ ချည်ထည်ယက္ကန်းပစ္စည်းနဲ့ ချည်ထုပ်၊ ချည်ဆိုးဆေးပစ္စည်းတွေကို ရွှေဘိုမန်းလေးကုန် စည်ပို့ဆောင်တဲ့ အလုပ်ပဲလုပ်တာ။ တော်လှန်ရေး နိုင်ငံရေးလုပ်တယ်လို့ မကြားဘူး ။ အဖမ်းခံရပြီးတော့ သတင်းအစအန မရတော့တာ ၁၀ရက်ကျော်နေပြီ။ ကားနဲ့ ပစ္စည်းတွေလည်း ပြန်မပေးဘူး။ အဖမ်းခံရတဲ့သူတွေလည်း အတွေ့မခံဘူး”ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ရွှေဘိုမြို့နယ်အတွင်း နေ့စဉ်ပါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ကိုင်နေပြီး ဖမ်းဆီးခံရသူများကို ငွေ ကျပ်သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းမှုများလည်း ပိုမို လုပ်ဆောင်လာကြောင်း သိရှိရသည်။
“ရွှေဘိုမြို့ပေါ်ကို စျေးဝယ်သွားရင်း အဖမ်းခံရတဲ့ ရွာသူတစ်ဦးဆိုရင် မြို့မရဲစခန်းမှာ ၅ ရက်ကြာတယ်။ သူတို့စစ်တော့ ဘာမှမတွေ့တာတောင် သိန်း ၅၀ တောင်းတယ်။ ငွေပေးမှ ပြန်လွှတ်ပေးတယ်။ နေ့တိုင်းဖမ်းတာ လူတွေကို အကြောင်းမရှိ အကြောင်း ရှာဖမ်းတာ ၅ ရက်အတွင်း လူငယ်နဲ့ ပြည်သူ ၃၀ ကျော်တယ် အဖမ်းခံရတာ။ အသက်မပြည့်တဲ့ကလေးတွေလည်း ပါတယ်”ဟု ဖမ်းဆီးခံရသူကို ငွေဖြင့် ပြန်လည် ရွေးထုတ်ခဲ့သူ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။
ဓာတ်ပုံ- ရွှေဘိုမြို့အဝင်တွင် စစ်ကောင်စီလက်အောက်ခံ လ၀ကက မှတ်ပုံတင်များ စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)