မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းထိမှန်သူတွေဟာ ဆင်ဖြူကျွန်းမြို့နယ်နေ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး မေ ၈ ရက် မနက် ၁၀ နာရီခန့်မှာ ဆင်ဖြူကျွန်းမြို့ကနေ ၃ မိုင်ခန့်အကွာရှိ တောတွင်ရွာကို သုံးဘီးယာဉ်နဲ့ သရက်သီးဝယ်သွားစဉ် တောတွင်နဲ့သာစည်ရွာကို ဆက်သွယ်ထားတဲ့ ဆည်ဘောင်လမ်းပေါ်မှာ မိုင်းပေါက်ကွဲထိမှန်ခဲ့တာလို့ ဆိုပါတယ်။
“ သုံးဘီးကိုဂျမ်းတုံးခုဖို့ဆိုပြီး ကျောက်ခဲကောက်တာမှာ ထကွဲတာ၊ မိုင်းကို ကျောက်ခဲနဲ့ ဖုံးထားခဲ့တာ။” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။
မိုင်းပေါက်ကွဲတာကြောင့် သုံးဘီးမောင်းနှင်သူ အုတ်ဖိုရပ်ကွက်နေ ကိုကျော်ကြီး၊ သုံးဘီးပေါ်ပါ နွယ်တမယ်ကျေးရွာနေ အမျိုးသား ၁ ဦးနဲ့ မြောင်းဘောင်ရွာနေ မမြမြ တို့ ၃ ဦးမှာ မိုင်းစထိမှန်ဒဏ်ရာတွေရရှိပြီး ဆင်ဖြူကျွန်းဆေးရုံမှာ ကုသနေရကာ ကျောက်ခဲကိုဖယ်ခဲ့တဲ့ သုံးဘီးမောင်းနှင်သူမှာ ဒဏ်ရာများတယ်လို့ ဆိုပါတယ်။
အဆိုပါမိုင်းပေါက်ကွဲမှုအတွက် မိုင်းလျော်ကြေးပေးဆောင်ရမှာဖြစ်ကြောင်း နွယ်တမယ်အထိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းထိဒဏ်ရာရသူတွေရှိတဲ့ဆေးရုံကို လာရောက်ပြောဆိုသွားတယ်လို့လည်း မိုင်းထိမှန်သူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
မိုင်းလျော်ကြေးနဲ့ပတ်သက်ပြီး တောင်းခံမှုအသေးစိတ်အခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။
ဆင်ဖြူကျွန်းမြို့ဟာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်ဘက်က ဆင်ဖြူကျွန်းမြို့ကို စစ်အင်အားဖြည့်တင်းနေကာ စစ်ရေးတင်းမာလျက်ရှိတယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)