မြိုင်တွင် PDF ဂိတ်စခန်းဝင်စီးသည့် စစ်အုပ်စုများ ပြန်လည်ဆုတ်ခွာသွားအောင် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ထုတ်နိုင်ခဲ့

မြိုင်တွင် PDF ဂိတ်စခန်းဝင်စီးသည့် စစ်အုပ်စုများ ပြန်လည်ဆုတ်ခွာသွားအောင် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ PDF ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အထိအခိုက်တွေနဲ့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မေလ ၁၀ရက် မနေ့က မနက်အစောပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ နဲ့ မြိုင်လက်အောက်ခံစစ်သား၊ ရဲနဲ့ ပျူစောထီးတပ်တွေဟာ PDF တပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်ကို ဝင်စီးဖို့ကြိုးစားချိန်မှာ တော်လှန်ရေးကင်းပုန်းနဲ့စတင်ထိတွေ့မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

” သူတို့က ၉ရက်နေ့ညက ကန်နီရွာကနေ လူစုပြီးထွက်တယ်။ အဲ့မှာ တော်လှန်ရေးကင်းပုန်း ရဲဘော်တွေနဲ့ ပစ်ခတ်မှု စဖြစ်တယ်။ အဲ့လိုဖြစ်တော့ ပကဖတပ်ရင်းတွေ အခြားတပ်ရင်းတွေက လာကူပစ်ကြတော့ သူတို့တွေပြန်​ဆုတ်သွားပါတယ်။ ထိခိုက်မှုရှိပေမယ့် အတိအကျမသိရသေးတော့ မပြောနိုင်သေးပါဘူး။” လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖအပါအဝင် တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဗစ်တာပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်​ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ရာ လမ်းပိုင်းဟာ မြိုင်နဲ့ ကန်နီရွာလမ်းဆုံရှိရာနဲ့ ၃မိုင်အကွာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားနိုင်ရာနေရာ ဖြစ်ပေမယ့် အရင်အချိန်တွေတုန်းကလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကန်နီပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်တွေ၊ NUG MOD လက်အောက်ခံ ပကဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ပတ်ပတ်လည်ကနေ အချိန်တစ်နှစ်ကြာ ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ပုံစာ – ဗစ်တာပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် ပကဖ၊ တပ်ရင်းတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ

Leave a Comment