စစ်ကောင်စီလေကြောင်းမှချပေးသည့် ၆၀ မမ ဗုံးသီးများ KIA ထံရောက်ရှိ

ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းမှချပေးသည့် ၆၀ မမ ဗုံးသီးများ KIA ထံရောက်ရှိ

တပ်ဆေးရုံတွင် ဒဏ်ရာရလူနာများ၍ ကုသ၍မနိုင်ဖြစ်နေ

လနှင့်ချီကြာမြင့်လာသည့် ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုများပြီး တပ်ဆေးရုံတွင် ဒဏ်ရာရလူနာများ ပြည့်နှက်နေကြောင်း သိရသည်။

မြစ်ကြီးနား ခုတင် ၃၀၀ ဆံ့ တပ်ဆေးရုံ တဆရ ၁/၃၀၀ တမာတောဆေးရုံတွင် ဗန်းမော်တိုက်ပွဲမှ ပြန်လည်သယ်ဆောင်လာသည့် အတွင်းလူနာများဖြင့် ပြည့်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တပ်ဆေးရုံက မြစ်ကြီးနားလေဆိပ်ပဲခြားတယ်။ ဒီရက်ပိုင်း ဗန်းမော်တိုက်ပွဲအတွင်းကနေ လူနာတွေပြန်သယ်လာနိုင်တယ်။ လူအင်အားလည်း ရဟတ်ယာဉ် သုံးစင်းနဲ့ပို့တယ်။ တိုက်ပွဲအခြေအနေက ပြင်းထန်နေပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ကိုယ်တိုင် တပ်ဆေးရုံသို့ ဆင်းလာကာ တိုက်ပွဲမှဒဏ်ရာ ပြင်းထန်လာသူများကို စစ်ဆေးကြည့်ရှုနေရပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် အနီးကပ် တိုက်ပွဲဖြစ်လာသည့်အတွက် စစ်ကောင်စီက လေကြောင်းမှ လက်နက်ရိက္ခာနှင့် လူအင်အားကို လေကြောင်းမှ ပို့ဆောင်နေရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်းမှပို့ပေးသည့် လက်နက်ခဲယမ်းများထဲမှ ၆၀ မမ ဗုံးသီးများ KIA ပူးပေါင်းတပ်ဖွဲ့ထံ ရောက်ရှိသွားကြောင်း သိရသည်။

“Drop ချပေးတာ။ တိုက်ပွဲက အရမ်းနီးကပ်ပြီး ပြင်းထန်နေတာမို့ KIAဆီကျသွားတာ” ဟု သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ဗန်းမော်ရှိ စကခ ၂၁နှင့် ခလရ ၄၇တို့တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တပ်စခန်း ၂၀ကျော်ကို တပြိုင်နက် ပိတ်ဆို့တိုက်ခိုက်နေရသည့် အနေအထားဖြစ်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ပုံစာ- မြိုင်မြို့နယ်ပျူရွာသို့ ပေးပို့သည့် ရိက္ခာထုတ်များ တော်လှန်ရေးတပ်ဖွဲ့များကရရှိခဲ့စဥ် (ပုံဟောင်း)

Leave a Comment