ပိုက်ဆံထုပ်များထင်ပြီး ငွေညှစ်ရန်သွားရာမှ အေးသာယာတွင် စိတ်ကြွဆေးပြား သိန်း ၃၅၀ ဖမ်းမိ

ပိုက်ဆံထုပ်များထင်ပြီး ငွေညှစ်ရန်သွားရာမှ အေးသာယာတွင် စိတ်ကြွဆေးပြား သိန်း ၃၅၀ ဖမ်းမိ၊ အစောင့်များဖမ်းဆီးခံရ

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် ၁၁ အတွင်း နေအိမ်တစ်အိမ်တွင် ပိုက်ဆံထုပ်များတွေ့သည်ဟု သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးတို့က ငွေညှစ်ရန်သွားရာမှ ပိုက်ဆံထုပ်များမဟုတ်ဘဲ စိတ်ကြွဆေးပြားထုပ်များ ဖြစ်နေသည်ကို တွေ့ရပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေလ ၅ရက် ည ၁၁နာရီခန့်က ဖမ်းဆီးရမိခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်ဆွေက ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ပိုက်ဆံထုပ်အများအပြား တွေ့ရသည်ဟု သတင်းရရှိကြောင်း၊ ယင်းသတင်းကို စခန်းမှူးထံ အသိပေးပြီး စခန်းမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ငွေညှစ်ရန်သွားရောက်ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သွားတုန်းက ငွေညှစ်ဖို့သွားတာ။ မူးယစ်ရဲလည်းမပါဘူး။ နောက်တော့မှ စိတ်ကြွဆေးပြားတွေမှန်းသိပြီး မူးယစ်ကိုလှမ်းခေါ်၊ ခရိုင်မှူးကို လှမ်းခေါ်တွေလုပ်ပြီး ဖမ်းလိုက်တာ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့ ထုတ်ပြန်ထးသည့်ထဲတွင် ဖမ်းဆီးခံရသူများမှာ အိမ်အစောင့်များဖြစ်ကြောင်း၊ ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။

CCDAC – Myanmar ၏ ထုတ်ပြန်ချက်တွင် မေလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)၊ နယ်မြေ(၇၆)ရှိ သန်းထွေးအောင်(ခ)ခေါကြီး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရှာဖွေရာ ၎င်းနှင့်အတူ မချောချောဦး(ခ)မစု နှင့် အောင်နိုင်ထွန်းဦး တို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ဖော်ကြထားသည်။

မူးယစ်ဆေးထုပ်များကို ပိုက်ဆံထုပ်များထင်ကာ ငွေညှစ်ရန် သွားရောက်ခဲ့သူ အေးသာယာမြို့၊ ရပ်ကွက် ၁၁ အုပ်ချုပ်ရေးမှူး ဦးချစ်ဆွေမှာ စစ်ကောင်စီထောက်တိုင်အဖြစ် ဆောင်ရွက်နေသည့်အတွက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် အေးသာယာ PDF မှာ ကျည်ဆံပေးပို့ကာ သတိပေးခြင်း ခံရသူဖြစ်ပြီး ယင်းနောက် ရဲစခန်း၌ပင် အနေများကြောင်း သိရသည်။

Leave a Comment