အုတ်တွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၆၀ ခန့် ရှိတဲ့ စခန်းကုန်းကို PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

အုတ်တွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၆၀ ခန့် ရှိတဲ့ စခန်းကုန်းကို PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

ခပေါင်းဆည်ဘက် ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေကို မဟာမိတ်တပ်တွေက ပိတ်ဆို့ထား

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ကြက်မနာရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၆၀ ခန့်ရှိတဲ့ စခန်းကုန်းကို PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတပ်ခွဲမှူး ရဲဘော် ကိုမိုးသီး က ပြောပါတယ်။

“အဲဒီစခန်း ကုန်းကို ၁၁ နာရီဝန်းကျင်မှာ ကျနော်တို့သိမ်းလို့ရပါတယ်။ အဲဒီစခန်းကုန်းက သူတို့တွေ အထိုင်ချထားတာ ကြာပြီပေါ့။” လို့ ဒုတပ်ခွဲမှူး ရဲဘော် ကိုမိုးသီး က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲကို မေ ၁၀ ရက် မနက် ၇ နာရီမှာ စတင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်မှာ သိမ်း ပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း လက်နက်ခဲယမ်းတွေ အားနည်းမှုတွေ ရှိတာကြောင့် အခက်အခဲတွေ ကြုံခဲ့ရတယ်လို့ ဒုတပ်ခွဲမှူး ရဲဘော် ကိုမိုးသီး က ပြောပါတယ်။

“ကျနော်တို့ဆီမှာလည်း အခက်အခဲ ကြုံတွေ့ခဲ့ရတယ်။ လက်နက်ခဲယမ်း အားနည်းမှုတွေ ကြုံတွေ့ခဲ့ရတယ်။ အချိန်ကြာသွားတာပေါ့။ အဲဒီအချိန်မှာ လေယာဉ်ပစ်ကူနဲ့ ကျနော်တို့ကို စခဲ့တာပေါ့။ လေယာဉ်နဲ့ပစ်ပြီး အလောင်းတွေကို ဆွဲပြီး ထားခဲ့တာ။ ဘယ်နားထားခဲ့လဲ မသိသေးဘူး။ သူတို့နောက် ဆက်လိုက်ဖို့လည်း ခြေနင်းမိုင်းကြောင့် ဆက်မလိုက်တာ။ ဒီစခန်းကုန်းကို ရအောင်သိမ်းလိုက်တယ်။ သိမ်းပြီးတဲ့နောက်ပိုင်း သူတို့တွေက ပြေးတယ်။ သူတို့တွေက ခပေါင်းဆည်ဘက်ကိုပြေးတာ။ ခပေါင်းဆည်ဘက်မှာလည်း မဟာမိတ်တပ်ဖွဲ့ တွေ အကုန်လုံး ဝိုင်းခိုင်းထားတယ်။ အခုလက်ရှိက သူတို့ အပြင်ကို မထွက်နိုင်သေးဘူး။ အဲဒီအထဲမှာပဲရှိသေး တယ်။ အင်အားဘယ်လောက်ကျန်သေးလဲဆိုတာတော့ ကျနော်တို့လည်း အတိအကျ မသိသေးဘူး။” လို့ ဒုတပ်ခွဲမှူး ရဲဘော် ကိုမိုးသီး က ပြောပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ ပေမယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့အထိ ခပေါင်းဆည်မှာ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဝန်းရံထားတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်စခန်းကနေ ဆိုင်ကယ် ၆ စီး ၊ ကား ၁ စီး နဲ့ အခြားပစ္စည်းတွေကို သိမ်းဆည်းရရှိမိတယ် လို့လည်း သိရပါတယ်။

အဆိုပါ စခန်းကုန်းသိမ်းပိုက်တဲ့ တိုက်ပွဲကို ပဲခူးတိုင်း ၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ၊ PDF တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြ တာပါ။

Leave a Comment