စစ်တပ်ဘက်မှ အရာရှိအပါအဝင်၂၇ဦးသေပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့စစ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိအပါဝင် စစ်ကောင်စီတပ်သား ၂၇ယောက် သေဆုံးပြီး အယောက် ၃၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDF တာဝန်ခံအောင်မောင်းက ပြောပါတယ်။
မေလ ၉ရက်နေ့ မနက်အစောပိုင်းက ရေစကြိုမြို့နယ်၊ ဆင်ချောင်းပြည်သူ့စစ်ကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆန်းသစ်ကျေးရွာ မြောက်ဘက်တစ်နေရာမှာ ထိတွေ့တိုက်ပွဲ ၁နာရီကျော်ကြာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်က အကြမ်းဖက်စစ်သားတွေဟာ အရပ်သား ၅ယောက်ကို လူသားဒိုင်းလုပ်ဖမ်းဆီးရင်း အင်အား ၁၀၀နီးပါးနဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး Southern YSO PDF ရဲ့” နတ်မိကျောင်း စစ်ဆင်ရေး” အဖြစ် Southern Local တပ်ပေါင်းစုနဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ ကင်းထောက်ဒရုန်း၁စီး (DJI အမျိုးအစား)ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ချနိုင်ခဲ့သလို တိုက်ပွဲကို အသာစီးရယူပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း တာဝန်ခံ အောင်မောင်းက ပြောပါတယ်။
“ခွေးသေအောင် တကယ်တိုက်တော့ သေတာများတာပါ။ ဖေ့ဘုတ်ပေါ်တင်ရုံလုပ်တာမဟုတ်ပါဘူး။ ကျနော်တို့က တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်ပါတယ်။ မိဘပြည်သူတွေကိုလည်း ပြောချင်တယ်။ ကိုယ်ထောက်ပို့တဲ့အဖွဲ့ဟာ တိုက်ပွဲအပေါ် တကယ်စိတ်နှစ်လုပ်ရဲ့လားဆိုတာ ခွဲခြားစေချင်တယ်။ ကျနော်တို့သည် အကောင်းဆုံးကြိုးစားနေပါတယ်။ အလုပ်လုပ်နေပါတယ်။ ” လို့ Southern YSO PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
တိုက်ပွဲအပြီး အထိနာသွားတဲ့ စစ်ကောင်စီက ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို Para Motor ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁ယောက် သေဆုံးခဲ့ရသေးတယ်လို့လည်းသိရပါတယ်။
ဒီတိုက်ခိုက်မှုကို Southern Local တပ်ပေါင်းစုဖြစ်တဲ့ Southern YSO PDF ၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန်PDF၊ King Cobra၊ ဒေါင်းစစ်သည်နဲ့ BNRA တို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – Southern Local တပ်ပေါင်းစု ၊ BNRA တပ်ဖွဲ့ဝင်များ တိုက်ပွဲဖော်ဆောင်နေစဥ်