ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။
အိုးထိန်းတွင်းရွာအလယ်တန်းကျောင်းကိုမေလ ၁၂ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ အဆင့်ဆင့်ပေါက်ကွဲသောပေါင် ၅၀၀ ဗုံးတစ်လုံးဗုံးကြဲခြင်းဖြစ်သည်။မေ ၁၂ ရက် ည ၁၁ နာရီကျော်အထိ့ရရှိထားသောစာရင်းများအရ ကျောင်းသားကျောင်းသူ ၂၀ နှင့်ဆရာမ ၂ ဦးစုစုပေါင်း၂၂ဦးသေဆုံးပြီး ၊၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။
သေဆုံးခဲ့သောကျောင်းသားကျောင်းသူများတွင် Grade 2 မှ Grade 11 အထိကျောင်းသားများပါဝင်သည်။ ကျောင်းသူ အများဆုံးဖြစ်ပြီး ကျောင်း ၁၅ ဦး ၊ကျောင်းသူ ၅ ဦးဖြစ်ကာ ၊ Grade 2 တစ်တန်းထဲမှ ၆ ဦးဖြင့်အများဆုံးသေဆုံးခဲ့သည်။
Grade2 တွင်ပညာသင်ကြားနေသောမသွန်းစက်ဖြူ ၊ မရွှန်းလဲ့ဝေ ၊ မစုလတ်နိုင်၊ မငြိမ်းရွှေရတီမိုး ၊ မချယ်လီမိုး ၊ မောင်လွှမ်းပိုင်ထက် ၊ Grade 3 မှ မအေးငြိမ်းစံ ၊မဖြိုးဝေဖြိုး ၊မောင်ဖိုးမိုးသွန်း ၊ Grade 4 မှမမိုးဟေကျော် ၊မမွန်မိမိအောင် ၊ မထက်ရတီထွန်း ၊မောင်ချမ်းမြေ့အောင်၊ Grade 5 မှ မောင်ဇေယျာဖြိုး ၊ Grade 7 မှ မလှဆုံးမယ် ၊ မမိုးမြင့်ဟန် ၊မမြတ်နိုးဦး ၊Grade 9 မှ မောင်မြတ်နိုးမောင်မောင် ၊Grade 10 မှ မမို့မို့ဝင်း ၊ Grade 11 မှ မသက်ထားဝေ တို့ဖြစ်သည်။
လူအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့သောစာသင်ကျောင်းဗုံးကြဲမှုကို ပြည်တွင်းရှိ လွတ်လပ်သောမီဒီယာများ ၊ ရိုက်တာအပါအဝင် နိုင်ငံတကာသတင်းဌာနများက ရုပ်သံမှတ်တမ်း၊ သတင်းဓါတ်ပုံများဖြင့်ဖော်ပြနေချိန်တွင် စစ်ကောင်စီကမူ ည ၈ နာရီသတင်းတွင် မျက်နှာပြောင်တိုက်၍ ဗြောင်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ဒီပဲယင်းတွင်ဆရာ၊ဆရာမများအပါအဝင် ကျောင်းသားကျောင်းသူများသေဆုံးထိခိုက်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများကမဟုတ်မမှန်လုပ်ကြံဖော်ပြနေခြင်းဖြစ်ကြောင်း ၊သက်ဆိုင်ရာနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦးကထိုသတင်းမှန်ကန်ခြင်းမရှိကြောင်း ၊စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကိုဗုံးကြဲတိုက်ခိုက်ခြင်းမရှိကြောင်း ၊ နိုင်ငံတော်အစိုးရက အနာဂါတ်မျိုးဆက်သစ်ကျောင်းသားကျောင်းသူများပညာရည်မြင့်မားစေရေးအတွက်ဆောင်ရွက်လျက်ရှိသည်မှာပြည်သူများအသိပင်ဖြစ်ပါကြောင်း စသဖြင့် သတင်းအမှားကြေညာသွားသည်ကိုတွေ့ရသည်။
ထိုအပြင်စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များ၊စစ်တပ်ထောက်ခံသူများကလည်း သတင်းအမှားများဆက်တိုက်ဖြန့်ချီခြင်း ၊သတင်းကိုပုံဖျက်ခြင်း၊သတင်းဌာနများကတင်သောသတင်းအောက်တွင် စစ်တပ်ဝါဒဖြန့်အကောင့်များက အုပ်စုလိုက် သတင်းအမှားဖြန့်ခြင်းများကို အရှိန်အဟုန်ဖြင့်ပြုလုပ်နေသည်ကိုလည်းတွေ့ရသည်။
ဗုံးကြဲမှုကြောင့် ကျောင်းသားငယ်များသေဆုံးပြီးမြေပြင်တွင်အထောက်အထားသက်သေများစွာရှိနေသလို ၊စစ်တပ်က ဗုံးကြဲ၍ ဗုံးအကျွင်းအကျန်အစအနများကိုပင်သက်သောရှိနေသော်လည်းစစ်ကောင်စီကမူ ထုံးစံအတိုင်း ဗြောင်လိမ်နေခြင်းဖြစ်သည်။
“ကလိန်ကကျစ်စစ်တပ်”ဟု စစ်ကိုင်းတိုင်းအတွင်း လွတ်မြောက်နယ်မြေတစ်ခုမှ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦးက စစ်တပ်ကသတင်းလိမ်လည်ထုတ်ပြန်ခြင်းအပေါ်မှတ်ချက်ပြုသည်။
စစ်ကောင်စီသည်မေ ၁၂ရက်နေ့ တစ်နေ့တည်းမှာပင် ဒီပဲရင်းမြို့နယ်အပြင် ချောင်းဦးမြို့နယ်၊ အင်းတော်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မ်ိုင်းငေါ့မြို့နယ်ခွဲ စသည့်ဒေသတို့တွင်လည်း လေကြောင်းမှ ဗုံးကြဲ၍ ဒေသခံပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။
(အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ကြဲချခဲ့သောဗုံးအကြွင်းအကျန်များ / ဗုံးကြဲခံရသောကြောင့်သေဆုံးခဲ့သောဆရာမ မြေကျင်းနှင့် သေဆုံးခဲ့သော ကျောင်းသား၊ကျောင်းသူအမည်စာရင်း။ ဓါတ်ပုံ-ပေးပို့ ၊Radi Ohn’s FB ၊ S&G )