ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးသူ ၁၉ ဦးအထိရှိလာ
စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခြင်းကြောင့် ၂ ရက်အတွင် လူပေါင်း ၄၀ ကျော်သေဆုံး
AAထိန်းချုပ်နယ်မြေဖြစ်သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးသည့် အရပ်သားပြည်သူ ၁၉ဦး အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို ယနေ့ မေ ၁၃ရက် နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၁၉ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများသုံးကာ ထွန်းရဝေကျေးရွာတွင်းသို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၃လုံးခန့် ပျက်စီးသွားပြီး သေဆုံးသူဦးရေလည်း တိုးလာကြောင်း သိရသည်။
“မနက်ပိုင်းထိက သေဆုံးသူ ၁၃ဦးထိလို့သိထားပြီး ထိခိုက်သူတွေထဲက ထပ်မံသေဆုံးတာရော အပျက် အစီးတွေထဲက ထပ်ရှာတွေ့တာရော သေတာ ၁၉ဦးအထိရှိသွားပြီလို့ သိထားပါတယ်။ ဗုံးကြဲတိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး AA ဘက်ကလည်း မီဒီယာတွေကိုဖြေထားပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် ယနေ့မနက်တွင်ပင် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အတွက် ဘုန်းကြီးကျောင်းတစ်ဆောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ မေ ၁၂ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ် ၂၀ကျော်သေဆုံးခဲ့ပြီး ကလေးငယ် ၆၀ ခန့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကို အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက် နေခြင်းဖြစ်ပြီး ၂ရက်အတွင်း ပြည်သူ ၄၀ကျော်သေဆုံးခဲ့သည်။
ပုံစာ- ဗုံးကြဲတိုက်ခိုက်ခံရသည့် ထွန်းရဝေကျေးရွာ