၂၀၂၅ ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၃ ရက်နေ့အထိ လေးလကျော်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသမီးငယ်များအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ်များ စုစုပေါင်း ၁၀၅ ဦးသေဆုံးခဲ့ရသည်။
သေဆုံးခဲ့ရသည့် ၁၀၅ ဦးမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် အမျိုးသမီး ၅၃ ဦးနှင့် အမျိုးသား ၅၂ ဦးတို့ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေလ ၁၃ ရက်တွင် ထုတ်ပြန်သည်။
သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ ၃၄ ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ ၂၁ ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်းနှင့် ၈၉ ဦး၏ သေဆုံးခဲ့ရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ မြန်မာစစ်တပ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ မေလ ၁၃ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ပြည်သူ ၆၆၆၂ ဦး သေဆုံးခဲ့ရသည်ဟု AAPP က ထုတ်ပြန်ထားသည်။
ယင်းအပြင် မြန်မာစစ်တပ်ထံ ဖမ်းဆီးခံခဲ့ရသူ ပြည်သူ ၂၉၁၄၂ ဦးရှိပြီး ထိုအထဲမှ ၂၂၁၇၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၁၀၇၇၆ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။
စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်က စစ်ရေး တင်းမာနေသော နေရာများအပြင် ပဋိပက္ခ လုံးဝမရှိသည့် မြို့ရွာများကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ISP မြန်မာက မေလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ယင်သို့ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ရေး ပစ်မှတ်များအပြင် ၎င်းတို့၏ ထိန်းချုပ်နိုင်ခြင်းမရှိသည့် ဒေသများမှ လူနေရပ်ကွက်၊ ကျေးရွာ၊ ဆေးရုံ၊ သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများလည်း ပါဝင်ကြောင်း ISP မြန်မာက ပြောသည်။
ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေးထားသည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ဒီလိုမျိုး ဘာတိုက်ပွဲမှ မရှိတဲ့နေရာမှာ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်ဆိုတာက ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်။ ဒီစစ်ရာဇဝတ်မှုအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက ယခု မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တိုးမြှင့်ကျူးလွန်မှုများ လုပ်ဆောင်လာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြသည်။
ပုံစာ- ရခိုင်ပြည် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ မေလ ၁၃ ရက်နေတွင် စစ်ကောင်စီတပ်ကလေကြောင်းကနေ ပစ်ခတ်ခဲ့၍ ကလေးငယ်အပါအဝင် ၁၃ ဦး သေဆုံးခဲ့စဉ်။ ဓါတ်ပုံ- CJ