KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဦးဆောင်ပြီး မဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေး
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင် ဦးဆောင်သည့် KIO ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလကုန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ၀ဒေသသို့ သွားရောက်ပြီး မဟာမိတ်တပ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။
ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ KIO အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးကြီး လဖိုင်ဇော်ရော်၊ မဟာမိတ်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး ဘရန်နန်၊ ဗိုလ်မှူးကြီး ဆင်ဝါး၊ ရှမ်းမြောက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့ ပါဝင်သည့် အဖွဲ့သည် ဧပြီလကုန်မှစ၍ မဟာမိတ်များနှင့်တွေ့ဆုံရန် ခရီးစဉ်စတင်ခဲ့ပြီး မေလ ပထမပတ်တွင် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း၌ ကျင်းပသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အစည်းအဝေး တက်ရောက်ခဲ့သည်ဟု ဆိုသည်။
“အခြား မဟာမိတ်တပ်ဖွဲ့တွေထဲက အဆင့်အမြင့်အရာရှိ ဘယ်သူတွေ တက်ရောက်တယ်ဆိုတာ မသိရှိပါဘူး။ မဟာမိတ်တပ်ဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးကြတယ်လို့ပဲ သိရှိထားပါတယ်။ မဟာမိတ် တပ်ဖွဲ့ဝင်ကြားရော တဖွဲ့နဲ့ တဖွဲ့ သီးသန့်တွေ့ဆုံမှုလည်းရှိတယ်လို့တော့ တချို့ သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်” ကချင်စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။
အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း KIO ဒုဥက္ကဋ္ဌ ၏မဟာမိတ်များနှင့်တွေ့ဆုံမှုခရီးစဉ် ရှိခဲ့ကြောင်းအတည်ပြုပြောကြားသည်။
“မေ ၆ရက်နေ့က FPNCC တွေ့တယ်။ ၀ပြည်နယ်မှာ”ဟု သတင်းရင်းမြစ်က ပြောသည်။ဆက်လက်၍အဆိုပါသတင်းရင်းမြစ်က “တအာင်းနဲ့က လူထုအစည်းအဝေးပွဲ လုပ်ဖို့ ညှိနှိုင်းဖို့သီးသန့်တွေ့ဆုံကြမှာပါ။ ရှမ်းတပ်(SSPP)နဲ့ကတွေ့ပြီးပြီ။ ဘယ်နှစ်ကြိမ်မြောက်လဲတောင် မမှတ်မိတော့ဘူး” ဟု ပြောသည်။
KIO ကိုယ်စားလှယ်အဖွဲ့ ပန်ဆန်း၌ FPNCC အဖွဲ့ဝင်များနှင့် စစ်ရေး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအပြီး ယာဉ်တန်းဖြင့်အပြန် လမ်းခရီးတနေရာ၌ ကချင်လူထုက ကြိုဆိုနေသည့် ရုပ်သံမှတ်တမ်းကိုလည်းကချင်ဖေစ်ဘွခ်အချို့တွင်ဖော်ပြထားသည်။
“ဒါက ၀တွေ(၀တပ်ဖွဲ့)တွေ။ ..။၀စစ်သားတွေ။ ကြားထဲမှာ ညှပ်လာတယ်နော်။ ဒါက ကချင်စစ်သား။” ဟု ရုပ်သံတွင် အမျိုးသားတဦးက ယာဉ်တန်းပါ တပ်ဖွဲ့ဝင်များကို ကြည့်ပြီး ပြောဆိုနေသံကို ကြားရသည်။
ပန်ဆန်း၌ FPNCC အစည်းအဝေး ကျင်းပခဲ့သည့် ဆိုသော သတင်းနှင့်ပတ်သက်ပြီး ၀တပ်ဖွဲ့ တာဝန်ရှိသူ ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
FPNCC သည် ၀တပ်ဖွဲ့(UWSA)၊ မိုင်းလား (NDAA)၊ ရှမ်း( SSPP)၊ ကချင်(KIO)၊တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) တို့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။
KIO ဒုဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့၏ ခရီးစဉ်နှင့်ပတ်သက်၍ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
“ အဓိကတော့ FPNCC အဖွဲ့ဝင်တွေနဲ့ စစ်ရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေ လက်ရှိ မဟာမိတ်တပ်ဖွဲ့ဝင်တွေအကြားမှာ နယ်မြေအငြင်းပွားမှုကိစ္စနဲ့တ်သက်ပြီး သူတို့ သွားရောက်တွေ့ဆုံဆွေးနွေးတယ်လို့ သိရှိထားပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။
ဆွေးနွေးမှုများ၌ မည်သည့် သဘောတူညီချက်များ ရရှိသည်ကိုမူ အသေးစိတ် မသိရှိနိုင်သေးဟု ၎င်းက ပြောသည်။
“ရှမ်းမြောက်ရဲ့စစ်ရေးနိုင်ငံရေးအခြေအနေကတော့ SSPPရယ် KIAရယ် TNLA ရယ် သုံးဖွဲ့ကတော့ စစ်ရေး နိုင်ငံရေးအမြန်ဆုံးပူးပေါင်းသင့်ပါတယ်။ အထူးသဖြင့် KIAနဲ့ TNLA တက်ညီလက်ညီ စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အချိန်ရောက်ပါပြီ” ဟု ဦးဇော်ဆန်က ပြောသည်။
မဟာမိတ် KIOနှင့် TNLA အကြား ရှမ်းမြောက်၌ မြေပြင် ပြဿနာအချို့ ဖြစ်ပွားခဲ့ရာ ယင်းကိစ္စအပါအဝင် မဟာမိတ်အဖွဲ့အချင်းချင်းအကြား ဗဟိုအဆင့်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ညှိနှိုင်းနေကြောင်း KIOနှင့် TNLA တို့ကအသိပေးထားသည်။
(KIO/KIAဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂန်ရှောင်နှင့် မဟာမိတ်များ တွေ့ဆုံနှုတ်ဆက်စဥ်။ ဓါတ်ပုံ-ပေးပို့ )