မိန်းကလေးတဦး အဓမ္မကျင့် သတ်ဖြတ်ခံရ၊ အလောင်းကို လှော်ကားဘက်၌ ပစ်ထား
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ကမ္ဘောဇ ပန်းခြံ၌ မိန်းကလေးတဦးအား အဓမ္မကျင့်ပြီး သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောရက်ပိုင်းက တပင်ရွှေထီးလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ ၃ ထပ် အဆောင်တခုနေ မိန်းကလေးမှာ ညကြီးအချိန် ပူအိုက်၍ ရေဆင်းချိုးစဥ် အဓမ္မကျင့်ပြီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
” ကောင်မလေးက မြင်းခြံကလို့ပြောတာပဲ၊ ဂျပန်သွားဖို့ ရောက်နေတာ၊ အသက်က ၂၁ နှစ်တဲ့။ အဆောင်ရဲ့ ရေချိုးတဲ့နေရာက အတော်မှောင်တယ်။ စော်ကားပြီး သတ်လိုက်တာက အဆောင်က ၁ ကောင်နဲ့ အပြင်က ၂ ကောင်ပါတယ်တဲ့။ ဆေးသမားတွေတဲ့။ အလောင်းကို လှော်ကားဘက်မှာ ပစ်ထားတာ။ အတူနေသူငယ်ချင်းကလည်း သူ့ရည်းစားနဲ့လိုက်သွားတယ်ထင်နေတာ။ ဒီနေ့ အသုဘချတယ်။” ဟု ရပ်ကွက်နေပြည်သူတဦးက ပြောကြားသည်။
လှော်ကား တ/၁၅ ရပ်ကွက်နေ ပြည်သူအချို့မှလည်း ယမန်နေ့ မေလ ၁၂ ရက်နေ့ည ၈ နာရီဝန်းကျင်အချိန်က အလောင်းတွေ့ရှိရကြောင်း ပေးပို့ပြောကြားထားသည်။
” တ/၁၅ ရပ်ကွက်၊ ပန်းခြံ ၂၊ လူပြတ်တဲ့ ကုလားဘုရားကျောင်းတည့်တည့်က ညောင်ပင်နားမှာ ည ၈ နာရီဝန်းကျင်လောက်က မိန်းကလေးအလောင်းတွေ့တာ။ အဲ့နားက အမှိုက်ပုံတွေချုံတွေလည်း ပေါတယ်လေ၊ အိတ်ထဲထည့်ထားတာတဲ့။ ကိုယ်ကို ၃ပိုင်းပိုင်းထားတာ။ အသတ်ခံရတာ ၅ ရက်လောက်ရှိပြီတဲ့။ သတ်တဲ့ကောင်တယောက် မိထားတယ်ကြားတယ်။” ဟု ပြည်သူတဦးက ဆိုသည်။
အဆိုပါမိန်းကလေးအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် ကျူချောင်သုသာန်၌ သဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။