အထက်မင်းလှရှိ ရှမ်းတပ်ကြီးဗျူဟာစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။
” ပုံမှန်မဟုတ်တဲ့ သေနတ်ပစ်ခတ်သံတွေ အရင်ကြားတယ်။ ဒီနေ့ကျတော့ အဲဒီဗျူဟာမှာ တာဝန်ကျနေတဲ့ အမြောက်တပ်ကစစ်သားတစ်ဦး သတ်သေတယ်ဆိုပြီး တပ်ထဲက သတင်းထွက်လာတယ်။ တကယ်ကအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးသေတာ”ဟု မင်းလှမြို့ခံသတင်းရင်းမြစ်က ပြောသည်။
ရှမ်းတပ်ကြီးဗျူဟာတပ်စခန်းသည် မင်းလှမြို့နယ်အတွင်း ပုသိမ် – မုံရွာလမ်းမကြီးဘေး၌ တည်ရှိသည်။
အဆိုပါဖြစ်စဉ်သည် မေလ ၁၃ရက် ညနေ ၃နာရီခန့်ကဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက သတင်းထိန်းချုပ်ထားသည်ဟု အထက်မင်းလှမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“သတင်းကြားရသလောက်အချင်းချင်းပစ်သတ်တာ ပိုပြီးဖြစ်နိုင်တယ်။ သေသွားတာကရိုးရိုးတပ်သားဖြစ်တယ်။ ဒီကိစ္စကသူတို့အတွင်းထဲမှာ တော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်”ဟု ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အထက်မင်းလှမြို့နယ်အတွင်း ကျေးရွာများလှည့်လည်၍ စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။
စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ်-မုံရွာလမ်းပိုင်းတနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၈ရက်တွင် တိုက်ခိုက်ခဲ့သည်။
အထက်ပါ စစ်ကြောင်းအပြင် အထက်မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက် စခန်းများကို တပ်မ(၉၉) ဦးဆောင်သည့် တပ်ရင်းများနှင့် စစ်သင်တန်းဆင်းအများအပြား အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့် အခြေအနေကို ကြိုတင်သတိပြုကြရန်ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။
ပုသိမ် – မုံရွာလမ်းပေါ်ရှိ ပဒါန်း၊ ကန်တုတ်၊ ရှမ်းတပ်ကြီးစခန်းများကို စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေသည်။