တိရစ္ဆာန်အသံများကို အဓိပ္ပါယ်ဖော်မည့် AI စနစ်အတွက် တရုတ်ကုမ္ပဏီ မူပိုင်ခွင့်လျှောက်ထား

သင်မွေးထားသည့် ကြောင်က သင့်ကို ဘာပြောချင်နေသလဲ ဆိုသည်ကို သင်နားလည်သိနိုင်ရန် ဆန္ဒရှိဖူးပါသလား။

တရုတ်နည်းပညာကုမ္ပဏီတခုသည် AI (ဉာဏ်ရည်တုနည်းပညာ) ကို သုံးပြီး အဆိုပါ ကြောင်သံ (မြောင်) ကဲ့သို့ တိရစ္ဆာန်အသံများကို လူသားဘာသာစကားသို့ ဘာသာပြန်ရန် ဖြစ်နိုင်ခြေရှိသလား ဆိုသည်ကို စူးစမ်းလေ့လာလျက် ရှိသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး search engine (ရှာဖွေရေးအင်ဂျင်) ပိုင်ရှင် Baidu ကုမ္ပဏီက တိရစ္ဆာန် အသံများကို လူသားဘာသာစကားသို့ ပြောင်းလဲမည့် စနစ်တခု အဆိုပြုရင်း တရုတ်အမျိုးသားဉာဏမူပိုင်ခွင့်စီမံခန့်ခွဲမှုအဖွဲ့ထံ မူပိုင်ခွင့်တခု လျှောက်ထားထားကြောင်း ယခုသီတင်းပတ်၌ ထုတ်ပြန်သည့် မူပိုင်ခွင့်မှတ်တမ်းတခုအရ သိရသည်။

သိပ္ပံပညာရှင်များသည် တိရစ္ဆာန်တို့၏ ဆက်သွယ်ပြောဆိုမှုကို အဓိပ္ပါယ်ဖော်ရန် ကာလကြာကတည်းက ကြိုးပမ်းထားကြပြီး ယခု Baidu ကုမ္ပဏီ၏ မူပိုင်ခွင့်က ထိုသို့ ကြိုးပမ်းရန်အတွက် AI နည်းပညာကို ဖြန့်ကျက်အသုံးချရန် ယခုနောက်ဆုံးပေါ်ပေါက်လာသည့် ကြိုးပမ်းမှု ဖြစ်သည်။

မူပိုင်ခွင့် စာရွက်စာတမ်းမှတ်တမ်းအရ ဤစနစ်က တိရစ္ဆာန်၏ အသံထွက်များ၊ အပြုအမူ ပုံစံများနှင့် သက်ရှိကိစ္စ အချက်ပြမှုများ အပါအဝင် တိရစ္ဆာန်၏ ဒေတာအချက်အလက်များကို စုဆောင်းကောက်ယူမည် ဖြစ်ပြီး ယင်းတို့ကို ကွန်ပြူတာဖြင့် အကြိုလုပ်ငန်းစဉ်ဆောင်ရွက်၊ ပေါင်းစည်းကာ ယင်းနောက် AI စွမ်းအားသုံး စိစစ်စိတ်ဖြာမှုစနစ်တခုဖြင့် တိရစ္ဆာန်၏ စိတ်ခံစားမှုအခြေအနေကို ခန့်မှန်းရန် ရည်ရွယ်သည်။

ယင်းနောက် ထွက်ရှိလာမည့် စိတ်ခံစားမှုအခြေအနေများကို ဝေါဟာရ၊ ဝါကျ ရင်းမြစ်ဆိုင်ရာ အဓိပ္ပါယ်များအဖြစ် ပုံထုတ်မည်ဖြစ်ပြီး ယင်းတို့ကို လူသားဘာသာစကားသို့ ဘာသာပြန်မည် ဖြစ်သည်။

စနစ်က “တိရစ္ဆာန်များနှင့် လူတို့အကြား နက်ရှိုင်းသော စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှုနှင့် နားလည်သဘောပေါက်မှု” ကို ဖြစ်ပေါ်စေနိုင်ပြီး မျိုးစိတ်များ အပြန်အလှန်ဆက်သွယ်မှု၏ တိကျမှုနှင့်ထိရောက်မှုကို တိုးတက်စေမည် ဖြစ်ကြောင်း Baidu က မူပိုင်ခွင့်စာရွက်စာတမ်းတွင် ပြောသည်။

“မိမိတို့ရဲ့ မူပိုင်ခွင့်လျှောက်ထားမှု လုပ်ငန်းစဉ်မှာ စိတ်ဝင်စားမှု အများကြီး ရှိပါတယ်” ဟု Baidu ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။ ကုမ္ပဏီအနေဖြင့် မူပိုင်ခွင့်ကို ထုတ်ကုန်တခုအဖြစ် များမကြာမီ ဘယ်လိုဘယ်ပုံပြောင်းလဲနိုင်သလဲဆိုပြီး မေးမြန်းမှုကို သူက “လောလောဆယ်မှာတော့ ဒါက သုတေသန အဆင့်မှာပဲ ရှိပါသေးတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၌ OpenAI ၏ ChatGPT ထွက်ရှိပြီးနောက်ပိုင်း AI နည်းပညာအပေါ် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံသည့် ပထမဆုံး အဓိက တရုတ်ကုမ္ပဏီများထဲတွင် Baidu လည်း အပါအဝင်ဖြစ်သည်။

တိရစ္ဆာန်များက ဘာပြောချင်သလဲ ဆိုသည်ကို ကြိုးစား၊ အဓိပ္ပါယ်ဖော်ယူရန် ကြိုးပမ်းမှုတို့က တရုတ်နိုင်ငံပြင်ပ၌လည်း ရှိနေသည်။

Project CETI အဖွဲ့မှ နိုင်ငံတကာသုတေသီများသည် sperm ဝေလငါးများ ဘယ်လိုဆက်သွယ်သလဲဆိုသည်ကို သိရှိနားလည်နိုင်ရန် ၂၀၂၀ နောက်ပိုင်း AI နှင့် အချက်အလက်ဆိုင်ရာ စိစစ်စိတ်ဖြာမှုကို အသုံးပြုလုပ်ဆောင်လျက် ရှိသလို ၂၀၁၇ တွင် ထူထောင်ခဲ့သည့် အကျိုးအမြတ်မယူအဖွဲ့တခုဖြစ်သော Earth Species Project သည်လည်း AI ကို အသုံးချပြီး တိရစ္ဆာန်တို့၏ ဆက်သွယ်မှုကို အဓိပ္ပါယ်ကောက်ယူရန် ကြိုးစားလျက်ရှိသည်။

ရိုက်တာမှ China’s Baidu looks to patent AI system to decipher animal sounds အား ကိုလူအေး ဘာသာပြန်သည်။

Leave a Comment