ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ယမန်နေ့ မေ ၁၄ ရက်နေ့တွင် တော် လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ထန်းတောရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“စစ်တပ်ကတော့လောလောဆယ် ထန်းတောရွာမှာပဲ အထိုင်ချထားတယ်။ နောက်အင်အားတွေ ထပ်ဖြည့်တယ်လို့လည်းကြားပါတယ်။ အနီးပတ်ဝန်းကျင်ကိုတော့ ကင်းရှည် ကင်းတိုထွက်တယ် ပေါ့နော်။ နောက်လက်နက် ကြီး ၁၂၀ မမနဲ့ ဒရုန်းတွေရမ်းသန်းပစ်ခတ်တာတော့ရှိပါတယ်” ဟု နတ်တလင်း အခြေ စိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ငါးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ-၂ (Phoenix တပ်ဖွဲ့)၊ တပ်ခွဲ-၃(နတ်စစ်သည်တပ်ဖွဲ့)၊ တပ်ခွဲ-၄(BRA တပ်ဖွဲ့)၊ တပ်ခွဲ-၆(ဧရာညီနောင်တပ်ဖွဲ့) နှင့် နတ်တလင်းမြို့နယ်(ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ပြီးခဲ့သည့် မေ ၂ ရက်နေ့ကလည်း ဒမငယ် ကျေးရွာရှိ ရဲကင်းစခန်းကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးပြီး လက်နက်ငယ် ငါးလက်အပါအဝင်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။