အင်အားပြင်းငလျင်ကြောင့် ပြိုကျ Sky Villa အဆောက်အအုံ အဆောင် B၊ C၊ D တို့ကို ဒီနေ့ ယန္တရားတွေနဲ့ ဖယ်ရှားရှင်းလင်းရာမှာ ရုပ်အလောင်း ၂ လောင်း ထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အဆောင် B အခန်းအမှတ် ၁၃ ကနေ မေ ၁၅ ရက် ဒီနေ့ ညနေ ၄ နာရီခွဲလောက်မှာ ကျား ၁ ဦးနဲ့ မ ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြိုကျ အဆောင် C အောက်ကနေတွေ့ရှိတဲ့ TOYOTA MARK II (ကြေမွ) ကားအတွင်းမှ မြန်မာငွေ (၇,၀၀၀,၀၀၀) ကျပ်နဲ့ အရေးကြီးစာရွက်စာတမ်းတို့ကိုလည်း ပိုင်ရှင်ဖြစ်သူဆီ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နဲ့အတူ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အဆောက်အအုံကနေ မေ ၈ ရက်အထိ ကလေးတွေ အပါအဝင် အလောင်း ၁၂၀ ကျော် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။