UKနှင့် EU တို့ ယူကရိန်းကို အားပေးထောက်ပံ့မှုမလုပ်သင့်ဟု စစ်ခေါင်းဆောင်ဆို

ရုရှား၏ကျူးကျော်စစ် ဆင်နွှဲခံရသည့် ယူကရိန်းနိုင်ငံကို ဗြိတိသျှ နိုင်ငံ(UK ) နှင့် ဥရောပသမဂ္ဂ (EU)တို့ အားပေးထောက်ပံ့မှု မလုပ်သင့်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရုရှား RT သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြောင်း စစ်ကောင်စီ၏ ယနေ့ (မေ ၁၈) ကြေးမုံသတင်းစာတွင် ဖော်ပြသည်။

ညှိနှိုင်းဖြေရှင်းသည့် နည်းလမ်းဖြင့် သွားခြင်းသည် အကောင်းဆုံးဖြစ်ကာ ပဋိပက္ခများကြီးမားလာခြင်းမှာ အားပေးထောက်ပံ့မှုများသောကြောင့်ဖြစ်ပြီး အားပေးထောက်ပံ့မှုမရှိပါက ပဋိပက္ခကြီးလာစရာမရှိဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

“EU ကနေပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးဆိုတော့ သူတို့ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ ရည်ရွယ်ချက်က ဘာလဲ။ ပဋိပက္ခကြာရှည်အောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လို့လုပ်တာ၊ ဒါလည်း စဉ်းစားရမယ့်တချက်ပဲ။ တကယ်တမ်းတော့ ပဋိပက္ခမဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်တာတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကျွန်တော်ကတော့ အားပေးထောက်ပံ့မှု မလုပ်သင့်ဘူးလို့ ယူဆပါတယ်” ဟု ပြောသည်။

ရုရှား- ယူကရိန်းစစ်ပွဲသည် ရုရှားနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တွင် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျူးကျော်စစ်နှင့် ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ပရောဂကြောင့် ယူကရိန်းအရေးအခင်းဖြစ်ခဲ့ခြင်းဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် မတ်လရုရှားခရီးစဉ်အတွင်းက မော်စကိုမြို့၊ ကရင်မလင်နန်းတော်တွင် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံရာတွင် စွပ်စွဲခဲ့ဖူးပြီး ရုရှားကျူးကျော်စစ်ကိုလည်း တရားသောစစ်အောင်ရမည်ဟု အား​ပေးခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေးသည် ပိုမိုတိုးတက်လာခဲ့ပြီး မြန်မာတွင် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်လည်း သဘောတူထားကြသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းကာလအတွင်း ရုရှားသို့ ခရီးစဉ်ငါးကြိမ်သွားရောက်ထားပြီးဖြစ်ကာ ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင်လည်း မော်စကိုမြို့၊ ရင်ပြင်နီတွင် ကျင်းပသည့် ရုရှားအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့သည်။

Leave a Comment