စစ်ကောင်စီက ရွှေခေါင်းလောင်းဆရာတော်အား အမှု ၆ မှုဖြင့် ထောင်ဒဏ် ၁၆ နှစ်ကျော်ချ

စစ်ကောင်စီက ရွှေခေါင်းလောင်းဆရာတော် (ခေါ်) စိုင်းအေး ဆိုသူကို အမှု ခြောက်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ် သုံးလချ လိုက်ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ခရစ်ယာန် ဘာသာရေး အစွန်းရောက် တရားများဟောပြောခြင်းဖြင့် လူသိများသည့် ၎င်းကို စစ်ကောင်စီတပ်က ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေမြို့တွင် ၂၀၂၄ ခုနှစ် စက်တင် ဘာလ ၁ ရက် ညပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အမှု ခြောက်မှုဖြင့် တရားစွဲဆိုကာ ရှစ်လနှင့် ၁၃ ရက် ကြာ အမှုစစ်ဆေးပြီးနောက် ၂၀၂၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း စိုင်းအေး၏ အမျိုးသမီးဆိုသူက Saiaye Song လူမှုကွန်ရက်အကောင့်မှတဆင့် တိုက်ရိုက် (LIVE) လွှင့်ပြောဆိုထားသည်။

“ ရွှေခေါင်းလောင်း ၁၆ နှစ် သုံးလ အမိန့်ချခဲ့ပါတယ်။ ကျေးဇူးတော်ချီးမွှမ်းပါတယ်။ ဘုရားသခင်က ကျွန်တော့်အပေါ်မှာ ကောင်းမြတ်လွန်းပါတယ်။ အမှုရင်ဆိုင်နေတာက ရှစ် လနဲ့ ၁၃ ရက်ကြာပြီး အမှုပေါင်း ခြောက် မှုနဲ့ တရားစွဲဆိုထားပါတယ်” ဟု ၎င်းက ဆိုသည်။

မည်သည့်ပုဒ်မများဖြင့် အမိန့်ချမှတ်ခံရခြင်းဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။

လက်ရှိတွင် ထောင်ဒဏ် ၁၆ နှစ်ကျော် ချမှတ်ခံလိုက်ရသည့် ရွှေခေါင်းလောင်းဆရာတော် (ခေါ်) စိုင်းအေးဆိုသူကို ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

စိုင်းအေးကို ခရစ်ယာန်ဘာသာရေးတရားများ ဟောရင်း ဘာသာရေးဆိုင်ရာလလှုံ့ဆော်မှုများပြုလုပ်နေသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဟု ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဖမ်းဆီးခံရချိန်တွင် ဒေသခံတဦးက ပြောကြားထားသည်။

စစ်ကောင်စီတပ်က စိုင်းအေးအား ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် သန္နီဒေသခံ အရပ်ဘက်အရေးဆောင်ရွက်သူ အမျိုးသမီးတဦးက “ သိတဲ့အတိုင်းပဲလေ သူက အမျိုး သမီးတွေနဲ့ ပတ်သက်လာရင် ဘောင်လွတ်တယ်။ ပရဟိတလိုလို ဘာလိုလို လုပ်တာတွေလည်း ရှိတယ်။ များသောအားဖြင့် ဘာသာရေးကို ဘာသာရေးလို လုပ်ရင် ဘာမှမဖြစ်ပေမယ့် ဘာသာရေးကို ဆက်နွှယ်ပြီးမှ သူက သူများရဲ့ယဉ်ကျေးမှုတွေ လူ့အသိုင်းအဝိုင်းကလက်မခံနိုင်တဲ့ အပြုအမှုတွေ များသောအားဖြင့် ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျူးလွန်လာတာတွေအတွက် ပြစ်ဒဏ်ချမှတ်တာကို ကျွန်မတို့က အပြုသဘောအနေနဲ့ လုပ်သင့်တယ်လို့ မြင်ပါတယ်’ ဟု ဆိုသည်။

ရွှေခေါင်းလောင်းဆရာတော်အမည်ခံ စိုင်းအေး ဆိုသူသည် အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ကန်နားလုံရွာဇာတိဖြစ်သည်။

ငယ်စဉ်က ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ပြီး ခရစ်ယာန်ဘာသာရေးဆိုင်ရာ အယူအဆများမှတဆင့် လူငယ်များအား စည်းရုံးခြင်း၊ ဆင်းရဲနွမ်းပါးသူများကို ငွေလှူပြီး ဘာသာရေးမဲဆွယ်ခြင်းများ ပြုလုပ်နေသူဟု ရှမ်းပြည်နယ်ဒေသခံများက ပြောသည်။

စိုင်းအေးဆိုသူသည် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့အနီးရှိ ၎င်းတည်ထောင်ထားသည့် ဘာသာရေး အမည်ခံကျောင်းတွင် စစ်ဘေးသင့်ဒေသများမှ ကလေးငယ်များ၊ မိန်းကလေးများကို ခေါ်ယူထားပြီး လူ့အခွင့်ရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

၎င်းသည် မြန်မာနိုင်ငံ “ဝ”ဒေသ၊ နာဂဒေသ၊ ကချင်နှင့် ရှမ်းပြည်နယ်တို့အပြင် တရုတ်နိုင်ငံအထိ ဘာသာရေးနှင့် ပတ်သက်သည့် စည်းရုံးမှုများပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနှင့်ထိစပ်နေသော တရုတ်နယ်စပ်မြို့တမြို့၌ ယွမ်ငွေအချို့တွင် မကောင်း ဆိုးဝါးများ ပူးကပ်နေသည်ဟုဆိုပြီး မီးရှို့ဖျက်ဆီးသည့်အတွက် တရုတ်နိုင်ငံအစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ဖူးသည်ဟု ယင်းဖြစ်စဉ်ကို သိရှိသူအချို့က ပြောသည်။

၎င်း၏ ဘာသာရေးလှုပ်ရှားမှုများသည် လွဲမှားပြီး အန္တရာယ်ကြီးသည်ဟုဆိုကာ ဘာသာရေးအသင်း အဖွဲ့များက ဝေဖန်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်တွင် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က ၎င်းတို့၏ ဇုန်နယ်များ(ဒေသများ)သို့ မလာရန်၊ ဘာသာရေးတရား မဟောရန် တရားဝင် စာထုတ်တားမြစ် သတိပေးခံခဲ့ရသူဖြစ်သည်။

Leave a Comment