ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး ထိမှန်ရှိဟု KIA ရှေ့တန်းသတင်းရင်းမြစ်ပြောဆိုပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မသိသေးဟုဆို
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၂ စီးကို KIA ပူးပေါင်းတပ်များက ယနေ့ ပစ်ခတ်ခဲ့ရာ ထိမှန်ပျက်ကျမှုရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော်မြို့ စကခ ၂၁ အတွင်းသို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ပျက်ကျသွားခဲ့ကြောင်း၊ အခြားရဟတ်ယာဉ် ၁စီးမှာလည်း ထိမှန်သွားခဲ့ကြောင်း သိရှိရသည်။
“မြစ်ကြီးနားဘက်က တက်လာတဲ့ Mi-17 ရဟတ်ယာဉ် ၁ စီးနဲ့ ရွှေဘိုဘက်က တက်လာတဲ့ ရဟတ်ယာဉ် ၁ စီးကို KIA ပူးပေါင်းတပ်ဖွဲ့က ပစ်ချပါတယ်။ ၂ စီးလုံး ထိမှန်ပါတယ်။ ၁ စီးကတော့ ဗန်းမော် ဧရာ၀တီမြစ်အနောက်ဘက် အခြမ်းကို ပျက်ကျတယ်။ နောက် ၁စီးကတော့ ရွှေကူဘက်ပျံသွားတယ်။ ၂ စီးတော့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
“ကျနော် မသိသေးဘူး။ ကျနော့်ဆီ ဘာသတင်းမှ မရောက်သေးဘူး။ မေးကြည့်ရမယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။
ဗန်းမော်မှ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့ကလည်း ရဟတ်ယာဉ်ကို ထိမှန်အောက် ပစ်ခတ်နိုင်ခဲ့သည်မှာ သေချာကြောင်း၊ အနည်းဆုံး ၁ စီး ပျက်ကျသည်ဟု သိရှိထားကြောင်း ပြောဆိုကြသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ၅ လကျော်ကြာသည်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီး။