အင်္ဂပူမြို့နယ် ကွင်းကောက်အနီးအထိ စစ်ရေးရောက်ရှိလာ

အင်္ဂပူမြို့နယ် ကွင်းကောက်အနီးအထိ စစ်ရေးရောက်ရှိလာ၍ စစ်ကောင်စီက ခံစစ်မြို့နှင့် လက်နက်ကြီးစခန်းများပြင်ဆင်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက် တတက ၅အနီးထိ တိုက်ပွဲများရောက်ရှိလာသည့်အတွက် စစ်ကောင်စီက မြို့နယ်အတွင်း ခံစစ်မြို့နှင့် လက်နက်ကြီးစခန်းများပြင်ဆင်လာကြောင်း သိရသည်။

ကွင်းကောက် တတက ၅ အနီး ဘန့်ဘွေးကုန်းရွာအနီးဝန်းကျင်သို့ AAနှင့် တော်လှန်ရေးပူးပေါင်းတပ်များရောက်ရှိလာပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

“လေးမျက်နှာနဲ့ အင်္ဂပူနယ်ထဲအထိ တိုက်ပွဲရှိလာတော့ စစ်တပ်က ခံစစ်မြို့အဖြစ် မဲဇလီကုန်းကို ပြင်လာတယ်။ အနေအထားက သတင်းပေးမွေးတာတွေလည်းရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် ခံစစ်ပြင်ထားပြီး လူငယ်များကို စစ်သင်တန်းပေးကာ ခံစစ်မြို့အထိရည်ရွယ်ထားကြောင်း သိရသည်။

စစ်ကောင်စီသည်မဲဇလီမြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ သုံးသိန်းကျပ်စီကောက်ယူနေပြီး အိမ်ထောင်စုတစ်ခုလျှင် တစ်သောင်းကောက်ခံကာ စစ်တပ်ကို ထောက်ပံ့ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက အင်္ဂပူနှင့်လေးမျက်နှာအစပ် ပိန္နဲကွင်းကျေးရွာတွင်လည်း အင်အား ၅၀ကျော်ဖြင့် လက်နက်ကြီးစခန်း ပြင်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၁၅ရက်နေ့မှစ၍ တတက ၅ အနီးကို စက်တပ်လေထီးများဖြင့် ပစ်ကူပေးခဲ့ပြီး လက်ရှိ တိုက်ပွဲမှာ ဘန့်ဘွေးကုန်းထိရောက်ရှိလာခြင်း ဖြစ်သည်။

Leave a Comment