ချောင်းဦးမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ၊ ၄ ဦးသေဆုံး
ချောင်းဦးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်တဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း Peacock Drone Team-Myaung အဖွဲ့က ယနေ့ (မေလ ၂၂ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။
မေလ ၂၁ ရက် နေလယ်ပိုင်းက ဒရုန်း( Fixed Wing Drone) ရှစ်စီးအသုံးပြုကာ ဗုံးသီး ၁၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလျက်ရှိသည်။ ထိုစစ်ကြောင်းကို အင်အားဖြည့်ရန် ရောက်လာသည့် ထိုစစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ စိန်ခေါ်မှုအနေနဲ့က ဗုံးသီးတွေက လက်လုပ်ပစ္စည်းဖြစ်တဲ့အတွက် ချို့ယွင်း (error )တာမျိုးတွေ ရှိတယ်။ သေဆုံးတဲ့သူတွေရှိကြောင်း နယ်မြေခံ ကင်းထောက်တွေထံက တဆင့် ပြန်သိရပါတယ်”ဟု Peacock Drone Team-Myaung တာဝန်ခံ ကိုရာစုက ပြောသည်။
ဒရုန်းဖြင့် ဗုံးကြဲပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီးချိန်ဖြစ်၍ ထိခိုက်မှု မရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ချောင်းဦးမြို့တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်အင်အား နှင့် ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်း အင်အား စုစုပေါင်းမှာ ၂၀၀ ခန့်ရှိသည်ဟု ၎င်းကဆိုသည်။
၎င်းတို့သည် ချောင်းဦးမြို့နယ်ရှိ ရွာများကို မီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းတို့ ပြုလုပ်နေကြောင်း ကိုရာစုက ဆိုသည်။
တိုက်ခိုက်မှုအတွင်း ကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိ ဒရုန်းတစီး ပျက်ကျကာ ပေါက်ကွဲပျက်စီးသွားကြောင်းသိရသည်။
ဘေးချင်းကပ်လျက်ရှိသည့် ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသတော်လှန်ရေးတပ်များသည် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
ယခုတိုက်ခိုက်မှုကို Peacock Drone Team-Myaung အဖွဲ့ နှင့်အတူ ယင်းမာပင် ခရိုင် တပ်ရင်း (၃၅)တပ်ခွဲ (၂) GZ-21၊ ယင်းမာပင် ခရိုင် တပ်ရင်း (၁၇ )B-21 ကနီPDF ၊ NPDF ယင်းမာပင် ၊ Myaung Drone Force M.D.F ကျားခင်စိန် ၊ အားမန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung) ၊ အောင်သပြေညီနောင် Local PDF(ကျောက်ဆည်) ၊ ဗိုလ်စာကလေး Drone Strike ၊ Freedom Fighter Drone Force နှင့် CHU PDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ဒရုန်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် အညာဝေဟင် Drone စစ်ဆင် ကမ်ပိန်းတွင် ပါ၀င်ထောက်ပို့ရန်လည်း ထိုအဖွဲ့များက မေတ္တာရပ်ခံထားသည်။