ပန်းချီကားတစ်ချပ်က စစ်အုပ်စုကို စော်ကားတယ်လို့ စွပ်စွဲ ဖမ်းဆီးတာ ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် တော်လှန်ရေး ထောက်ပို့နေတဲ့ UG အများအပြား ဖမ်းမိတယ်လို့ စစ်အုပ်စု သတင်းဖြန့်
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၉လမ်းနဲ့ ၂၇လမ်းအနီးက လဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပြုလုပ်တဲ့ ငလျင်ဘေး ကူညီကယ်ဆယ်ရေး ရန်ပုံငွေ ပန်းချီပြပွဲကို မေလ ၂၂ရက်မှာ စစ်အုပ်စုက စီးနင်းပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ငလျှင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့ ရည်ရွယ်ကာ မေလ ၂၃ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်တဲ့ Phoenix Mandalay Art Exhibition ပြပွဲကို ပြပွဲကာလအတွင်း ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ က လက်သပ်မွေးထားတဲ့ ပျူစောထီး စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
“အကြမ်းဖက် ထောက်ပို့များက ငလျှင်ဘေးသင့် ပြည်သူများအား ကူညီရန်ဟုဆိုကာ ပန်းချီပြခန်း/ စာအုပ် အရောင်းများအား ပြုလုပ်၍ တည်ဆဲ အစိုးရအား အကြည်ညိုပျက်စေမှု့ဖြင့် ဖမ်းဆီး စစ်ဆေးရာ နောက်ဆက်တွဲ များစွာဖမ်းမိ” လို့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
ပြပွဲမှာ ပြသထားတဲ့အထဲက ပန်းချီကားတစ်ချပ်ဟာ နိုင်ငံတော်အလံပေါ်မှာ စစ်အုပ်စုကို အကြည်ညို ပျက်စေတဲ့ အကြောင်းအရာတွေ ထည့်သွင်းရေးဆွဲထားတယ်လို့ ဒလန်၊ သတင်းပေးတွေရဲ့ တိုင်ကြားချက်အရ ပန်းချီပြပွဲကို စီးနင်းပြီးနောက် တချို့ကို ဖမ်းဆီးကာ ချမ်းအေးသာစံမြို့နယ်၊ စစ်အုပ်စု အမှတ် ၈ ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့ရာမှာ တော်လှန်ရေးကို ထောက်ပို့နေတဲ့ UG တွေ ဖမ်းမိတာလို့ စစ်အုပ်စုက သတင်းဖြန့်ပြီး ဖမ်းထားသူ အရေအတွက်ကိုတော့ မဖော်ပြပါဘူး။
”နိုင်ငံတော်အလံ ပုံတူပန်းချီပေါ်၌ ပန်းချီကြည့်ရှုသူများမှ နိုင်ငံတော်အား အကြည်ညို ပျက်စေမည့် ပုံများ ရေးဆွဲထားကြောင်း သတင်းအရ မမစ (၈)သို့ ခေါ်ယူစိစစ်ရာ ccx ရေးဆွဲထားသော အလျား နှစ်ပေ ငါးလက်မခွဲခန့်၊ အနံ တစ်ပေ ၁၀ လက်ခွဲခန့်ရှိ ပန်းချီကားပေါ်တွင် နိုင်ငံတော် အလံအား သံဆူးကြိုးကွင်း နှစ်ကွင်းဖြင့် ဝိုင်းပြ ထားခြင်း၊ နိုင်ငံတော်အလံပေါ်တွင် အပြဲအားချုပ်ထားသည့် ချုပ်ရိုးကြောင်း ဖော်ပြခြင်း၊ ခွပ်ဒေါင်းပုံ၊ မျက်လုံးပုံ၊ သံတိုင်နောက်မှ နှင်းဆီပန်းပုံ၊ နန်းမြို့ရိုးပုံ၊ နိုင်ငံတော် အလံအား မီးလောင်နေသည့် မီးတောက်ပုံ၊ လွယ်အိတ်ချိတ်ထားပုံ၊ လူသားချင်း လက်ချင်း ချိတ်နေပုံ၊ စေတီပုထိုးပုံ၊ တယောပုံ၊ စည်ကြီး ပေါက်ပြဲနေပုံ တို့အား သရုပ်ပေါ်အောင် ရေးဆွဲ ထားကြောင်း စိစစ်တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးရာ နောက်ဆက်တွဲ အကြမ်းဖက်များဖမ်းမိ”လို့ လပခ လက်သပ်မွေးထားတဲ့ စစ်လော်ဘီတွေက ဆိုပါတယ်။
ငလျင်ဘေး ကူညီရေးနဲ့ ငလျင်ဒဏ်သင့် မိသားစုတွေကို ယာယီအိမ်တွေ ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ကာ မေလ ၂၃ရက်ကနေ ၂၅ရက်အထိ ဝါသနာရှင်တွေအတွက် ပန်းချီပြိုင်ပွဲနဲ့ မေလ ၂၆ရက်ကနေ ၂၈ရက်အထိ ပညာရှင်ဆရာကြီးတွေရဲ့ ပန်းချီပြပွဲ ပြုလုပ်မှာ ဖြစ်ပြီး ပြပွဲမှာ ပန်းချီကား ၂၀၀နီးပါး ပြသထားမှာ ဖြစ်တယ်လို့ ပြပွဲကို ဦးဆောင်ပြုလုပ်တဲ့ နမ္မတီးအနုပညာပြခန်းက ကြေညာခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြပွဲကို ရပ်ဆိုင်းကြောင်း မေလ ၂၂ရက် ညပိုင်းမှာ ထပ်မံကြေညာပါတယ်။
“ကျနော်တို့ နမ္မတီးအနုပညာပြခန်းကနေ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် စီစဉ်ကျင်းပသော Phoenix Mandalayပွဲအား အကြောင်းအမျိုးမျိုးကြောင့် ကျင်းပပြုလုပ်ဖြစ်တော့မည် မဟုတ်ပါကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်ခင်ဗျာ”
အဲ့ဒီ ပန်းချီပြပွဲကို စစ်အုပ်စုက စီးနင်းဖမ်းဆီးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့ခံ ပြည်သူတွေ ငလျင်ဒဏ် ခံစားနေရတဲ့ မေလကုန်ပိုင်း ကတည်းက မြို့အနှံ့ စောင့်ကြည့်တာ၊ ဖမ်းဆီးတာ၊ ဧည့်စာရင်းစစ်တာ၊ လမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်တာတွေ လုပ်နေပြီး ငလျင်လှုပ်ပြီး တစ်လကြာချိန် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေပါ ပေါ်တင် ပြန်လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးတမြို့လုံး ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးကာ ငလျင်ဘေး ကြုံနေရချိန် စစ်အုပ်စုက ကူညီကယ်ဆယ်ရေး စနစ်တကျမလုပ်ဘဲ စစ်အုပ်စု လက်အောက်ခံ မီးသတ်နဲ့ ချိတ်ဆက်မထားတဲ့ ကယ်ဆယ်ရေး လုပ်နေတဲ့ ပရဟိတ ကယ်ဆယ်ရေးသမားတွေ အပါအဝင် မြို့ခံတချို့ကို ဖမ်းဆီး ငွေညှစ်တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။
ဓာတ်ပုံ – စစ်လော်ဘီချန်နယ်