ပြည်သူ များ ရွေးချယ် တင်မြှောက်ထားသော အစိုးရ လက်ထဲမှ အာဏာ ကို လက်နက် အားကိုး ဖြင့် လုယက်သွားပြီး နောက် တနိုင်ငံလုံး စိတ်ပိုင်းဆိုင်ရာသာမက အပြင်လောကပါ မှောင် နှင့် မည်းမည်း ဖြစ်သွားခဲ့ရသည်။
သို့သော် ထိုသို့ မှောင်နှင့်မည်းမည်း ဖြစ်သွားရခြင်းသည် ၎င်းတို့နှင့် မည်သို့မျှ မဆိုင်သည့် အလား တရုတ်၏ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဖြစ်ရသည်ဟု အရှက်ကင်းမဲ့စွာ ပြောဆိုလာခဲ့သည်။
၎င်းအဖို့ က ငါးနှစ်တာ ပြည်သူ့ အစိုးရ လက်ထက်တွင် လျပ်စစ်ဓါတ်အား ဖူလုံစွာ ရရှိခဲ့ကြသည့်အဖြစ်ကို ထမင်းစားကြီးသော လူတိုင်း သိရှိ နားလည် ထား သည်ကို လျစ်လျုရှုပြီး ရှေးပဝေသဏီထဲက ဖြစ်ခဲ့လေဟန် ပါးစပ်ထဲ ရှိရာ သွေးရူးသွေးတမ်း ပြောလာခြင်း ဖြစ်သည်။
မြစ်ဆုံမှ မီဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိ၍ လက်ရှိ နှင့် ပေါင်းလိုက်လျှင် ပို တောင် ပိုနေမည်ဟု ၎င်း ပြောသမျှ တလုံးတပါဒမျှ ပြန်မပြောရဲ ခေါင်းငြိမ့် မည့် လူများကို ထုတ်ပြောလာသည်။
၂၀၂၃ ဩဂုတ်လ တွင် တိုင်းပြည်၏ လျပ်စစ်ဓါတ်အား လိုအပ်ချက် ၏ ၅၀ ရာနှုန်းပင် ပြည့်မီအောင် ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိတော့ဟု ၎င်းကိုယ်တိုင် ဝန်ခံသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်ရခြင်း၏ အဓိက တရားခံသည် မြစ်ဆုံဆည် ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပေါ် ပေါ် ထင်ထင် လွှဲ့ချလိုက်ပြီ ဖြစ်သည်။ ထ်ုအထဲတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ဖျက်လို ဖျက်ဆီး လုပ်နေ၍ ဟုလည်း ပူးတွဲ တရားခံ အဖြစ် ထည့်သွင်းခဲ့ပြန်သည်။
ယခုအခါတွင်တော့ ရန်ကုန်အား တနေ့လျင် ရှစ်နာရီ ကို နှစ်ကြိမ်ခွဲ၍ ပေးနေရသည့် အဖြစ် ရောက်လာခဲ့သည်။ ထို့အဖြစ်မှ သက်သာလို သက်သာငြား ဆိုလာပြား များ တပ်ကြဖို့၊ အနိမ့်တမံဆည်များ ဆောက်ကြဖို့ ညွှန်ကြားပြန်သည်။
သို့သော် ၎င်းကို အကြံပေးသူများက အနိမ့် တမံ့ ဆည်အား drowning machine လူကို ရေနှစ်သတ်သည့် စက်ကြီး အဖြစ် အမည် ပေးထားသည် ဆိုသော အချက်ကိုတော့ ချန်လှပ်ထားခဲ့ပုံရသည်။
ရေသည် တမံအောက်ကို ကျသွားပြီးသည်နှင့် ဟိုက်ဒရောလစ်စီးကြောင်း (hydraulic current) ဟု ခေါ်သည့် ရေလည်ပြန်စီးဆင်းမှု (recirculation current) ဖြစ်ပေါ်လာသည်။ ထို ရေစီး ကြောင်းသည် ရေပေါ် တွင် ပေါ်နေသည့် အရာမှန်သမျှကို တမံမျက်နှာပြင်ဆီ ပြန်ဆွဲသွင်း သွားသည့် အတွက်ရေထဲကျသွားတဲ့လူများ၊ လှေများသည် ထိုစီးကြောင်းထဲတွင် ပိတ်မိ နေပြီး ရုန်းထွက်ဖို့ လွန်စွာ ခက်ခဲသည်ဟု ကျွမ်းကျင်သူ များ က ထောက်ပြထားခဲ့ပြီး ဖြစ်သည်။
၎င်းတို့ စီစဉ် သမျှ ကြည့်မည်ဆိုလျှင် လူထု အတွက် ကျရောက် လာမည့် ဘေးအန္တရာယ်များကို မည်သည့် အခါမျှ ထည့်သွင်း စဉ်းစားကြခြင်း မရှိသည်ကို အထင်အရှား တွေ့ရမည် ဖြစ်သည်။
စစ်တပ် မီဒီယာ များက လျပ်စစ် ဒုဝန်ကြီး ဦးဆောင်သည့် ကော်မတီ မှ သုတေသန၊ နည်းပညာ များ နှင့် လူထု ဆက်ဆံရေး ကို ကိုင်တွယ်ရန် တရုတ် ကုမ္ပဏီ များ နှင့် ပူးတွဲ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လာခဲ့သည်။
၎င်းတို့ အဖို့ က တရုတ် ဩဇာ မလွန်ဆန် နိုင်၍ တိုင်းပြည် သယံဇာတ များကို လက်ညိုးထိုး ရောင်းစားဖို့ ဝန်မလေး ဖြစ်နေသော်လည်း ပြည်သူများက မူ ထွက်ရှိသော ဓါတ်အား အများစုအား တရုတ် ပြည်သို့ သာ ပြန်တင်ပို့ရမည်၊ ဆည်၏ တည်နေရာသည် ပြတ်ရွေ့ကြော အနီးတွင် တည်ရှိ၍ ရေ ဘေး အန္တရာယ် ရှိမည်၊ ဧရာဝတီ မြစ် ရေစီးကြောင်းကို ဖြတ်တောက်ခံရမည် ဖြစ်ပြီး မြစ်အောက်ရှိ ဇီဝ မျိုးကွဲများ နှင့် လူများ၏ အသက်မွေးဝမ်းကျောင်းမှု ကို ထိခိုက်လာမည်၊ တရုတ်အား ကန်ထရိုက် မပေးမီ ပွင့်လင်းမြင်သာမှု မရှိဘဲ၊ လူထု နှင့် ညှိနှိုင်း ဆွေးနွေးမှု မရှိ ဆိုသည့် အချက် လေးချက် ဖြင့် အပြင်းအထန် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
မီး မှောင် လှိုင်၏ စစ်အုပ်စုသည် ၎င်းတို့ ဆက်၍ ရှင်သန် နိုင်ရေး အတွက် လူထုကို မျက်ကွယ်ပြုကာ တရုတ် ပြောသမျှ လိုက်လုပ်နေရသည့် ရုပ်သေး ဘဝ ရောက်နေကြရပြီ ဖြစ်သည်။
စစ်အာဏာရှင် တို့၏ ကျွန်ဘဝ နှင့်ပင် အေးအေးချမ်းချမ်း နေလိုသူများက မရှိမဟုတ် ရှိနေမည်သာ ဖြစ်သည်၊ ယခုအခါ အေးအေး ချမ်းချမ်း နေချင်၍ပင် နေ၍ မရတော့၊ စစ်အာဏာရှင်များသည် ၎င်းတို့ ကျွန်ပြုနေယုံ ဖြင့် အားမရသေးပဲ တရုတ် တို့၏ စီးပွားရေး နယ်ချဲ့လာမှုကို လက်သင့် ခံ ခေါ်သွင်းကာ ၎င်းတို့ လက်ညိုး ညွန်ရာ ရေဖြစ်ရမည်ဟူ၍ ပင် အာမ ဘ န္တေ ခံလာကြပြီ ဖြစ်သည်။
ထိုသို့ တရုတ်တို့ စီးပွားရေး အရ ကျွန်ပြုလာရာမှ ကြုံ တွေ့ ရမည့် အန္တရာယ်ကြီးကို လှိုင်သာယာ ရှိ
ချန်းရီ စက်ရုံ မှ အလုပ်သမား များ က မည်သူ တဦး တ ယောက်မျှ မလုပ်ဝံ့သော အချိန်အခါ မျိုး တွင်ပထမဆုံး အုန်းမောင်းခေါက် ပြီး ရဲဝန့်စွာ တပ်လှန့် နှိုးဆော်လိုက်ပြီ ဖြစ်သည်။
မီးမှောင်လှိုင်က တော့ ၎င်းအား မော်စကို တွင် လက်ခံ တွေ့ဆုံခဲ့မှု အား ကျေးဇူးဥပကာရ တင်လာခဲ့သည့် အတွက် တရုတ်တို့ မျက်စိကျနေသော မြစ်ဆုံ ကို တရုတ်လက်အပ်ရန် ကြံစည်လာပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!
✍Hla Soewai