ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ရာခိုင်နှုန်းရှိကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့ (မေ ၂၆ရက်) ညပိုင်းတွင် ရေးသားထားသည်။
“ECMWF Cyclone Activity Chart မှာ မေ ၂၉ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိလာတာကိုတွေ့ရပါတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။
ထိုကဲ့သို့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ရာနှုန်းပြည့်ရှိလာခြင်းကြောင့် မေ ၂၇ရက်မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံ၌ မုန်တိုင်းအရှိသက်နိုင်ခြေများ ပိုတိုးလာနိုင်သည်ဟု ဦးဝင်းနိုင်က ဆက်လက်ရှင်းပြသည်။
ယင်းအပြင် မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ဒေသများဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်စသည့် ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများလည်းရှိနိုင်ကြောင်း သိရသည်။
သို့သော် မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မည်မဟုတ်သောကြောင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့ ထိခိုက်နိုင်ချေမရှိကြောင်း၊ မုန်တိုင်းဖြစ်ပွားစဉ်ကာလအတွင်း တစ်နာရီ မိုင် ၄၀ အထိ လေပြင်းတိုက်ခတ်နိုင်သည်ဟု ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် မုန်တိုင်းအရှိန်သက်ရောက်နိုင်မှုသည် ဇွန် နှစ်ရက်နေ့ထိကြာမြင့်နိုင်သည်ကိုလည်း ဦးဝင်းနိုင်က သတိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၂၆ရက် ထူးခြားမိုးလေဝသ အခြေအနေထုတ်ပြန်ချက်၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက် ဖြစ်ပေါ်နိုင်ခြင်း၊ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း နှင့် အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် ယနေ့ညမှ ဇွန် နှစ်ရက်အထိ မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးများနိုင်ကြောင်း ဖော်ပြထားသည်။
မိုးများခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာ၀ဘေးအန္တရာယ်များလည်းဖြစ်ပေါ်နိုင်သည်ကို မိုးဇလက သတိပေးထားသည်။
အထက်ပါ အခြေအနေများကြောင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို သတိပြုရန် မိုးဇလက နှိုးဆော်ထားသည်။