ကံပေါက် တွင် Non CDM ကျန်းမာရေးဝန်ထမ်း မိသားစုဝင် ၃ ဦး နှင့် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးအဖမ်းခံရ
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသတွင် Non CDM ကျန်းမာရေးဝန်ထမ်းမိသားစုဝင် သုံးဦး နှင့် CDM ဆရာ တစ်ဦး၊ စုစုပေါင်းလေးဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှသိရသည်။
မေလ ၃၁ ရက် ည ၁၁ နာရီ ခန့်ကမောရဝတီရေတပ်မှ အင်အား ၁၀ ဦးဝန်းကျင်ဖြင့် ရောက်ရှိလာပြီး နေအိမ်များတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသူများမှာ လှည်းကုန်း (၁) ရပ်ကွက် မှာ နေထိုင်သည့် ကျန်းမာရေးဝန်ထမ်း ဆရာမ အသက် ၅၀ ကျော် အရွယ် ဒေါ်သန်းသန်းမော် ၊ သမီးဖြစ်သူ အသက် ၂၇ နှစ် အရွယ် ကျန်းမာရေး ဝန်ထမ်း မဇင်မော်နိုင် နှင့် သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုထက်ထက်တို့နှင့် လှည်းကုန်း (၂) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးကျော်စိုးဝင်း ကျန်းမာရေးဝန်ထမ်း CDM တို့ဖြစ်ကြောင်း သိရသည်။
“ည ၁၁ နာရီကျော်လောက်မှာ မောရဝတီရေတပ်က ကားတစ်စီး အင်အား ဆယ်ဦး ဝန်းကျင်ခန့်ရောက်လာတယ်။ အိမ်မှာ ဆရာမ သန်းမော်တို့ မိသားစုဝင် ငါးဦး ရှိတာ သုံးဦးကိုဖမ်းသွားတယ်။ ဆရာမက ကျန်းမာရေးလည်းမကောင်းဘူး။ အထက်ကခေါ်ခိုင်းတယ်လို့ပဲပြောပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်”ဟုမိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ လေးဦးအနက် ဒေါ်သန်းသန်းမော်နှင့် သမီးဖြစ်သူမှာ ကံပေါက်တိုက်နယ် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီးကျန်းမာရေး ဆရာ ဦးကျော်စိုးဝင်း မှာ CDM ပြုလုပ်ထားသူ ဖြစ်ကြောင်း သိရသည်။
“ညက ဆရာကျော်စိုးဝင်းကိုလည်း လာဖမ်းသွားတယ်။ဘာဖြစ်လို့လဲမသိဘူး။ဆရာက ၂၀၂၁ အာဏာသိမ်းပြီး ကတည်းက CDM ဝင်ထားတာ။အဲ့ဒီအချိန်ကတည်းက သူ့အိမ်မှာပဲ့ ဆေးခန်းဖွင့်ပြီး ကုနေတော့တာ။လာဖမ်းသွားတာက ည ၁၁ နာရီလောက်ရှိပြီ။ကားတစ်စီး နဲ့ စစ်သားတွေရောက်လာပြီးအထက်က ခေါ်ခိုင်းတယ်လို့ ပြောပြီးခေါ်သွားတာပဲ့။အင်္ကျီအပိုလည်းတောင်းသွားတယ်”ဟု ဦးကျော်စိုးဝင်း ရဲ့ မိတ်ဆွေတစ်ဦးက ပြောသည်။
ဆရာဦး ကျော်စိုးဝင်း သည် ၂၀၂၁ အာဏာမသိမ်းခင်က ကံပေါက်တိုက်နယ် ကျေးလက်ကျန်းမာရေးဌာန မိခင်နှင့် ကလေး ကျန်းမာရေး ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှစတင်ကာ CDM ပြုလုပ်ထားသူဖြစ်ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးခံရသူများကို အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ- ဖမ်းဆီးခံရသူ ဒေါ်သန်းသန်းမော် မိသားစုဝင် သုံးဦး နှင့် ဦးကျော်စိုးဝင်း ကို တွေ့ရစဥ်။